တူရကီ ငလျင်ဘေးသင့် ပြည်သူတွေကို လေယာဉ်တစီးစာ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့မယ့် ရော်နယ်လ်ဒို

မတ်၊ ၇

တူရကီက ငလျင်ဘေးသင့် ပြည်သူတွေအတွက် လိုအပ်မယ့် အသုံးအဆောင်နဲ့ အထောက်အပံ့ ပစ္စည်းတွေကို လေယာဉ်တစီးစာအပြည့် ကူညီ ပို့ဆောင်ပေးဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက စီစဉ်နေကြောင်း သိရပါတယ်။

 ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နက်ဆာမှာ ကစားနေတဲ့ ပေါ်တူဂီ တိုက်စစ်မှူးဟာ ရွက်ဖျင်တဲတွေ၊ ဆေးဝါးပစ္စည်းတွေ၊ အနွေးထည်တွေ၊ အိပ်ရာခင်းတွေ၊ အစားအသောက်နဲ့ ကလေးတွေအတွက် လိုအပ်မယ့် ပစ္စည်းတွေကို ကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ် ဝယ်ယူပြီး တူရကီကို ပို့ဆောင်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။

 ဖေဖော်ဝါရီလက တူရကီမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၈ ငလျင်ကြီးကြောင့် တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယား နိုင်ငံတို့မှာ လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးပြီး လူပေါင်း ၅၀၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်တာ၊ ဒါမှမဟုတ် နေရပ်ရွှေ့ပြောင်းတာတွေ ကြုံခဲ့ရပါတယ်။

 ရော်နယ်လ်ဒိုက သူပေးပို့မယ့် ပစ္စည်းတွေကြောင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပိုပြီး ထိရောက်တဲ့ အထောက်အပံ့မျိုး ရရှိစေမယ်လို့ မျှော်လင့်နေပါတယ်။

 အသက် ၃၈ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ သူနဲ့ တွေ့ဆုံလိုကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းတွေကို ပြောပြခဲ့ဖူးတဲ့ ငလျင်ဘေးသင့် ဆီးရီးယား လူငယ်လေး တဦးရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးခဲ့ပါသေးတယ်။ အဲဒီလူငယ်လေးကို ပျက်စီးပြိုကျနေတဲ့ အဆောက်အအုံအောက်ကနေ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 နာဘီဆာ့ဒ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အယ်လ်နက်ဆာ အသင်းက အယ်လ်ဘာတင်ကို ၃-၁ နဲ့ အနိုင်ရတဲ့ ပွဲစဉ်ကို တက်ရောက် အားပေးဖို့ ဖိတ်ကြားခံခဲ့ရပြီး ရော်နယ်လ်ဒိုကိုယ်တိုင် သူ့ကို လက်ခံ တွေ့ဆုံပြီး ဓာတ်ပုံတွေ အတူရိုက်ခဲ့ပါတယ်။

 ရော်နယ်လ်ဒိုဟာ မျိုးဆက်တခုအတွင်း အထူးချွန်ဆုံး ဘောလုံးသမား တဦးအဖြစ် သတ်မှတ် ခံရပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ဘောလုံးသမား ဘဝတလျှောက် ဥရောပ ထိပ်သီးတွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်းတပ်စ်တို့လို အသင်းတွေမှာ ကျင်လည် ဖြတ်သန်းနိုင်ခဲ့ပါတယ်။