မတ်၊ ၇
ဒီတစ်ပတ်မှာတော့ ဖက်ဒရယ်ရေးရာ ကဏ္ဍအတွက် အယ်ဒီတာ့ထံ မေးခွန်းတစ်ခု ရောက်လာပါတယ်။ အဲဒါကတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့က မခင်ရတနာက မေးခွန်းထားတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အဲသည့်မေးခွန်းမှာ — ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဘယ်လိုကွာခြားပါသလဲလို့ မေးမြန်းထားတာ ဖြစ်ပါတယ်။
တကယ်တော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ — self-determination ကို ခေါ်တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ – autonomy ကို ပြောတာဖြစ်ပါတယ်။ self-determination ဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထက် ပိုမြင့်မားသော နိုင်ငံရေးအာဏာအဆင့်အတန်းရှိပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာမှာ — ကိုယ့်ပြည်နယ် / ကိုယ့်လူထု / ကိုယ့်လူမျိုးကို ကိုယ့်အစိုးရနဲ့ ကိုယ်ပိုင်ရွေးချယ် တင်မြှောက်ပြီး အုပ်ချုပ်နိုင်ခွင့်ရှိသလို ဘယ်လိုနည်းလမ်း / ဘယ်လို ဥပဒေနဲ့ အုပ်ချုပ်မယ်ဆိုတာကိုလည်း ကိုယ်ပိုင် ဆုံးဖြတ်ပြဋ္ဌာန်းခွင့်ရှိပါတယ်။ လိုရင်း ပြောရရင် — ပြည်နယ်တွင်းမှာ ကိုယ့်စိတ်ကြိုက် ဥပဒေ ရေးဆွဲခွင့်ရှိတဲ့ အခွင့်အာဏာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ – ကိုယ့်စိတ်ကြိုက် ဥပဒေဆိုတာ ပြည်နယ်လွှတ်တော်ကနေ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့ လုပ်ပိုင်ခွင့် နယ်ပယ် / ကဏ္ဍတွေမှာ — ၎င်းဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ မူဘောင် စည်းမျဉ်းတွေကို ကျော်လွန်ခြင်း မရှိဘဲ ပြဋ္ဌာန်းအတည်ပြုထားတာတဲ့ ဥပဒေတွေကို ခေါ်တာ ဖြစ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) ကတော့ — ပြည်နယ်ဥပဒေ ရေးဆွဲခွင့် မရှိပါဘူး။ ကိုယ့်ပြည်နယ် ကိုယ့်ဒေသက ကိုယ့်လူထု ကိုယ့်လူမျိုးကသာလျှင် အုပ်ချုပ်ခွင့်ရှိတဲ့ အဆင့်အတန်းမျိုးဖြစ်ပါတယ်။ ကိုယ်အုပ်ချုပ်မယ့် ဥပဒေစည်းမျိုးကို ကိုယ်တိုင် ရေးဆွဲခွင့် မရှိဘဲ ဗဟိုအစိုးရ (တနည်း) ဗဟိုလွှတ်တော်ကနေ ရေးဆွဲပြဋ္ဌာန်းပေးတဲ့ ဥပဒေအတိုင်း ကိုယ့်ဒေသမှာ ကိုယ့်ဘာသာအုပ်ချုပ်ခွင့်ရှိတဲ့ အခွင့်အာဏာမျိုးဟာ autonomy အဆင့်ရတဲ့ အနေအထားလို့ ပြောနိုင်ပါတယ်။
ဒါဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အကြား မတူခြားနားချက်လို့ ပြောနိုင်ပါတယ်။
အယ်ဒီတာ
Delta News Agency