ခေတ်မီဝါးချွန်တပ် (သရော်စာ)

 

မတ် ၊ ၇

ဖြစ်စဉ်(၁)

လမ်းထိပ်ဆိုင်(မုန့်ဟင်းခါးဆိုင်မဟုတ်)မှ ခေါက်ဆွဲကြော်တစ်ပွဲဝယ်ပြီးနောက် တစ်ခုခုလိုနေသည်ဟု စိတ်ကထင် သဖြင့် အိတ်အတွင်း ဖြဲကာကြည့်မိသည်။ လိုနေသည့်အရာကို သိလိုက်ရ၏။ ထို့ကြောင့် မိမိနှင့်အနီးဆုံးတွင် ရှိနေသော စားပွဲထိုးအား လက်ယက်ခေါ်လျက် စကားဆိုလိုက်သည်။

“ညီလေးရေ ဒီမှာ အစ်ကို့ခေါက်ဆွဲကြော်ထဲမယ် တူထည့်မပေးလိုက်ဘူး။ ပေးပါဦး”

အတောင်းခံလိုက်ရသည့် စားပွဲထိုးလေးသည် မျက်နှာမအီမသာဖြင့် ကျွန်ုပ်အနားသို့ ရောက်လာပြီး တီးတိုးစကား ဆို၏။

“အစ်ကိုရေ တူကလေ။ တူက ကုန်နေလို့ပါနော်။ တောင်းပန်ပါတယ်”

“ဟမ် … တူကုန်တယ် ဟုတ်လား။ ငါ့တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှတောင် မကြားဖူးပါလားကွာ။ ဒီခေတ်က ဘာခေတ်လဲဟ”

ထိုသို့ မြည်တွန်တောက်တီးလျက် ကျွန်ုပ်လည်း တူမပါသော ခေါက်ဆွဲကြော်ထုပ်ကို ဆွဲကာ အိမ်သို့ ခြေဦးတည် လိုက်တော့သည်။

 

ဖြစ်စဉ်(၂)

“အစ်မရေ ကျွန်တော့်ကို သွားကြားထိုးတံတစ်ထုပ်ပေးပါ”

ကျွန်ုပ်၏ ထိုအသံသည် ငှက်ဆိုးထိုးသံလိုများဖြစ်နေသလား။ ဆိုင်ရှင်အမျိုးသမီးမှာ ပထမဖြစ်စဉ်တုန်းက စားပွဲထိုးလေး၏ မျက်နှာမျိုးဖြင့် ကျွန်ုပ်ထံသို့ ချဉ်းကပ်လာပြီး တီးတိုးစကားဆိုပြန်သည်။

“မောင်လေးရေ ဆောရီးပါနော်။ အစ်မဆိုင်မှာ သွားကြားထိုးတံ မနေ့ကတည်းကပဲ ပစ္စည်းပြတ်သွားလို့ပါ။ မှာတာ လည်း လာမပို့သေးလို့ပါနော်။ တောင်းပန်ပါတယ်”

ဆိုင်ရှင်အမျိုးသမီး၏ စကားပင် ဆုံးအောင် နားမထောင်တော့ဘဲ ကျွန်ုပ်လည်း အခြားတစ်ဆိုင်သို့ ကူးသွားလိုက် တော့သည်။

“ညီလေးရေ အစ်ကို့ကို သွားကြားထိုးတံပေးပါဦး”

“ဆောရီးပါ အစ်ကိုရေ သွားကြားထိုးတံ ကုန်နေလို့ပါ”

ထိုသို့ဖြင့် ကျွန်ုပ်လည်း သွားကြားထိုးတံကို တစ်ဆိုင်ပြီး တစ်ဆိုင် ရှာဖွေရေးဆင်းခဲ့သည်မှာ ရပ်ကွက်တစ်ခွင် ပြဲပြဲ စင်ခဲ့ချေပြီ။ သွားကြားထိုးတံသည်ကား မည်သည့်အရပ်တွင် ပုန်းရှောင်နေသလဲ မသိပြီ။ “ဒီခေတ်က ဘာခေတ် လဲဟ”ဟုလည်း မြည်တွန်တောက်တီးမိပြန်သည်။

 

ဖြစ်စဉ်(၃)

ညနေဘက်တွင် ပျင်းပျင်းရှိသည်နှင့် ရပ်ကွက်ထဲလမ်းလျှောက်ထွက်ရာမှ ဝက်သားတုတ်ထိုးဆိုင်ရှေ့အရောက် ဝင်ထိုင်လိုက်သည်။ ဆိုင်ရှေ့ရှိ ထိုင်ခုံအား ဆွဲယူထိုင်ကာ အားရပါးရလွှေးမည်ဟု လက်ကဝက်သားတုတ် ထိုးများထံ လှမ်းလိုက်ချိန်တွင်တော့ တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးသည်ကို ကြုံလိုက်ရပြန်သည်။

ခေါင်းကစ ခြေအဆုံး ကလီစာမကျန်ဆိုသလို တုတ်တန်းလန်းဖြင့် အမြဲရှိနေတတ်သော ဝက်သားတုံးများသည် ယခုတွင်တော့ တုတ်တန်းလန်းရှိမနေဘဲ အစီအရီခင်းကျင်းထားသည့် ပန်းကန်ပြားငယ်များထဲတွင် အစုလိုက်အပုံ လိုက် ဖြစ်နေသည်ကို တွေ့လိုက်ရခြင်းကြောင့် ဖြစ်၏။

“ဟ အတီးရ မင့်ဟာက ဘယ်လိုဖြစ်တာလဲ။ ဘယ်မှာလဲ တုတ်ထိုး”

“ဟီး အစ်ကိုရေ ဒီတစ်ခါတော့ တုတ်မထိုးတဲ့ တုတ်ထိုးကိုသာ အားပေးလိုက်ပါတော့။ ဝါးတုတ်တွေက ဒိုင်အထိ မှာတာတောင် မရလို့ပါဗျာ။ ဘာဖြစ်သလဲ မသိပါဘူး။ တစ်ခါမှ ဒီလိုမကြုံဖူးဘူး”

ထိုသို့ဖြင့် ဝက်သားတုတ်ထိုးဆိုင်တွင်လည်း တုတ်မပါသော တုတ်ထိုးကို ပါးကန်ထဲမှ ခပ်ကာ စားလျက် ထပြန်လာ ခဲ့ရပြန်တော့သည်။ “ဒီခေတ်က ဘာခေတ်လဲဟ”ဟုလည်း ထပ်ပြန်ကျော့ မြည်တွန်တောက်တီး မိပြန်သည်။ ဟိုးရှေးတုန်းကလိုများ ဝါးထရံချိုး အီအီးကုန်းရသည့်ခေတ်ဆိုလျှင် ထိုသို့ကုန်းစရာဝါးထရံပင် ပစ္စည်းပြတ်မည်လား ဟု တွေးမိသည်။

 

ဇာတ်ပေါင်းခန်း

ဝါးကိုအသုံးပြုထုတ်လုပ်ရသည့် ဆက်စပ်ရာပစ္စည်းများ ရုတ်တရက်ပြတ်လပ်သွားသည်ဆိုခြင်းသည် သွေးရိုး သားရိုးဖြစ်စဉ်တော့မဟုတ်ဟု ကျွန်ုပ်အာရုံသိဖြင့် သိလာမိသည်။ ထို့ကြောင့် ဇစ်မြစ်ကို လိုက်ရန် အားထုတ်ရတော့ သည်။

ဦးစွာ ဝါးတူများ လက်ကားဖြန့်ဖြူးရာနေရာများဆီသွားသည်။ ထိုနေရာများတွင်လည်း ပစ္စည်းမရှိ။ ပြီးခဲ့သည့် နှစ်ရက်ခန့်ကစပြီး ပစ္စည်းပြတ်သွားသည်ဟုဆိုကြသည်။ ထို့နောက် သွားကြားထိုးတံ၊ ဝက်သားတုတ်ထိုးရာတွင် သုံးသောတုတ်တို့ လက်ကားဖြန့်ဖြူးရာနေရာများဆီ သွားပြန်တော့လည်း အလားတူအဖြေများသာရခဲ့သည်။ 

ထို့ကြောင့် လက်ကားအဆင့်မှ နောက်တစ်ဆင့်တက်ကာ အဝယ်ဒိုင်များထံ သွားရောက်စုံစမ်းရန် ပြင်ရသည်။ ဝါးတူဖြန့်ဖြူးရာဒိုင်ထံရောက်သည် ကုန်ကြမ်းပြတ်သဖြင့် မိမိတို့ထံသို့ ပစ္စည်းမရောက်သည်မှာ လွန်ခဲ့သည့် သုံးလေးရက်ကဟု ဆိုသည်။ ထို့နောက် သွားကြားထိုးတံ၊ ဝက်သားတုတ်ထိုးတံ ဒိုင်များထံ ရောက်သည်။ ထိုအဖြေ သာရသည်။ 

မထူးတော့ပြီ။ လိုက်မည့်လိုက် ရေဆုံးရေဖျားထိလိုက်ရန်ပြင်သည်။ ထိုသို့ဖြင့် ဝါးများထွက်ရှိရာ တော၊ တောင်များ ဆီအထိ ရောက်သွားတော့သည်။

“ဟင် … ဝါးတွေ၊ ဝါးတွေ ဘယ်ရောက်ကုန်လဲ။ ဟိုးအရင်တုန်းက ဒီနေရာဟာ ဝါးတောကြီးတွေ အုပ်ဆိုင်းနေတာ ပဲ။ အခုတော့ လွင်တီးခေါင်ဖြစ်နေပါပေါ့လား”

ထိုသို့ နှုတ်မှ အာမေဍိတ်ပြုကာ မြင်သည်ကို ရေရွတ်မိလိုက်သည်။ ထိုအခါ အတူလိုက်ပါလာသော ဒေသခံတစ်ဦး က “ဟုတ်တယ်လေ။ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှ မြို့ပေါ်ကလူစိမ်းတွေ အုပ်လိုက်ကြီး လာခုတ်သွားခဲ့ကြတာ။ ဆယ်ဘီးကားကြီးတွေနဲ့ အလီလီသယ်သွားကြတာပဲဗျ”

မည်သို့သော စျေးကွက်ပေါ်ထွန်းခြင်းကြောင့် ယခုကဲ့သို တောလိုက်၊ တောင်လိုက်၊ အုပ်လိုက်ရှိနေသည့် ဝါးတွေ မျိုးပြုတ်ကုန်ရပါလိမ့်။ ထုံးစံအတိုင်း ပေါက်ဖော်ကြီးပဲ မွှေပြန်သလားဆိုသည့် အတွေးပေါင်းများစွာဖြင့် နောက်ပြန် လှည့်ထွက်လာတော့သည်။ ထိုသို့ ပြန်လာစဉ်လမ်းခုလတ်မှာပင် ရှေ့မလှမ်းမကမ်း၌ ဝါးသုံးလေးလုံးကို ထမ်းကာ လာနေသော အပေါ်စိမ်း၊ အောက်စိမ်း လူစိမ်းတစ်ဦးကို တွေ့ရသည်။

“ဟယ်လို ကိုလူစိမ်း။ အဲဒီဝါးတွေ ဘယ်က ခုတ်လာတာလဲဗျ”

“ခုတ်လာတာမဟုတ်ဘူးဗျ။ ကျုပ်တို့ အဘက ကျုပ်တို့ ကိုယ့်ဖာသာကာကွယ်ဖို့၊ ကျုပ်တို့ရဲ့ အထက်လူကြီးတွေကို အကာအကွယ်ပြုပေးဖို့ဆိုပြီး ဝေစုအနေနဲ့ ချီးမြှင့်ပေးလိုက်တဲ့ ဝါးချွန်ခေတ်မီလက်နက်တွေဗျ။ ဝါးဆိုပြီး ပေါ့သေး သေးတော့ မမှတ်နဲ့နော်။ ဟောဒီ လက်နက်တွေက ကမ္ဘာမှာတောင် မရှိတဲ့ အစွမ်းထက်ဂါထာ၊ မန္တန်တွေကို အထက်ဆရာ့ဆရာကြီးတွေက သေချာစီမံမန်းမှုတ်ပြီး နောက်ဆုံးပေါ်ခေတ်မီဓားမတိုနဲ့ ခုတ်ထစ်ပိုင်းဖြတ်ပြီးမှ စီရင်ပေးလိုက်တာဗျ”

“ဟာ ဟုတ်သလားဗျ။ အဲဒါတွေကို ဘယ်မှာ ဝေတာလဲ။ ဘယ်သူက ပေးတာလဲ။ ဘယ်သူတွေကို ပေးတာလဲဗျ”

ကျွန်ုပ်လည်း သိချင်ဇောဖြင့် မေးခွန်းများကို လျှာခလုတ်တိုက်သည်အထိ မေးမိတော့သည်။

“အလိုက်တာဗျာ။ မသိမှတ်ထား။ ကျုပ်တို့ရဲ့ ဖွတ်ပါတီအကြီးအကဲ အဘတွေက စီမံချီးမြှင့်ပေးတာဗျ။ ပါတီဝင် အားလုံးကို ဝေပုံကျစီနဲ့ကို မျှမျှတတဝေပေးတာ။ နေပူတော်မှာ ဆိုင်းဘုတ်တင်အခမ်းအနားကြီးနဲ့ကို ကြီးကျယ် ခမ်းနားစွာ ချီးမြှင့်ပေးတာဗျ။ ကျုပ်တို့ အဘတွေက အောက်လက်ငယ်သားကို အဲ့သလိုကြည့်တာဗျ”

ထိုအဖြေစကားများကြားပြီးနောက် ကျွန်ုပ်လည်း “သြော် … လက်စသတ်တော့ ဝါးမျိုးပြုတ်သွားတာ၊ ဝါးတူ၊ သွား ကြားထိုးတံစတဲ့ ဝါးနဲ့ဆက်စပ်ရာ ပစ္စည်းတွေပြတ်သွားတာ သင်းတို့ရဲ့ စနက်ကြောင့်ပေကိုး”ဟု စိတ်အတွင်းမှ ရေရွတ်မိတော့သည်။

နိဂုံး

အနှီဖွတ်ပါတီအကြီးအကဲဆိုသူတို့သည် ဝါးစရာရှိတာဝါး၊ ချွန်စရာရှိတာလိုက်ချွန်လျက် သူတို့၏ လက်အောက် ငယ်သားတို့အတွက်မူကား ဝါးချွန်လက်နက်များကို ကြီးမားခမ်းနားကြွယ်ဝလှသည့်စေတနာဗရပွဖြင့် စီမံပေးအပ် လိုက်ပေသည်။ 

ဤသို့ဖြင့် ခေတ်မီဝါးချွန်တပ်မတော်ကြီးကို အနှီဖွတ်ပါတီအကြီးအကဲတို့က နေ့ချင်းညချင်းတည်ထောင်ပေါ်ထွန်း စေခဲ့ချေပြီတမုံ့။