မတ်၊ ၃
ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ ထောင်တွင်းဆန္ဒပြမှုမှာပါဝင်လို့ အကြမ်းဖက်ဖြိုခွင်းခံထားရတဲ့ပုသိမ်ထောင်အတွင်းမှာ ဆန္ဒပြရာမှာပါဝင်တဲ့အကျဉ်းသားတွေဟာ ထောင်တွင်းမှာ အခွင့်အရေးချိုးဖောက်ခံရမှုတွေဆက်ပြီးဖြစ်နေတယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်ဆီကသိရပါတယ်။
ပုသိမ်ထောင်တွင်းက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုမဲကြီး၊ ကိုဖိုးလပြည့်။ ကိုစည်သူအောင်။ ကိုညီထွန်း၊ ဦးဝင်းထွန်းနိုင်စတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင်လည်း ထောင်တွင်းဖိနှိပ်ညှင်းပမ်းမှုတွေကြား ဒဏ်ရာကိုယ်စီရရှိထားတယ်လို့ အကျဉ်းထောင်တွင်းကပြန်လွတ်မြောက်လာသူက DNA ကိုပြောပြခဲ့တာပါ။
” အခုဆိုရင် နှစ်လကျော်တော့မယ်၊ ညတိုင်းပဲ အနည်းဆုံး ၃ယောက်လောက်ခေါ်ထုတ်သွားပြီးအနိုင်ကျင့်တာတွေရှိနေတယ်။ စည်းကမ်းချိုးဖောက်တာတွေမလုပ်ဘဲ သပ်သပ်မဲ့နှိပ်စက်နေတာတွေရှိတယ်။ ခိုင်းလို့အဆင်မပြေလို့ ပြစ်ဒဏ်ပေးရင် ဖားခုန်ခိုင်းတာ၊ ခြေထောက်ထောက်လက်မြှောက်ပြီးအရှက်ရအောင်လုပ်တယ်။ ပုဆိုးဆွဲချွတ်တာတို့ ကားရားခွ ခုန်ခိုင်းတာတို့ ယောကျ်ားတယောက်သိက္ခာကျအောင်၊ လူ့ဂုဏ်သိက္ခာကျအောင်လုပ်တာတွေရှိနေတယ်” လို့ ပုသိမ်ထောင်ကပြန်လွတ်မြောက်လာသူက ဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြရာမှာပါဝင်တဲ့အကျဉ်းသားအယောက် ၇၀နီးပါးကို ပေ ၄၀ ပတ်လည်အခန်းထဲမှာစုပြုံထားပြီး ရေချိုးချိန်နာရီဝက်သာအခန်းအပြင်ထွက်ချိုးခွင့်ပြုတယ်လို့လည်း ထောင်တွင်းသတင်းအရင်းအမြစ်ကဆိုပါတယ်။
လက်ရှိမှာထောင်ဝင်စာပို့ခွင့်ကို ပိတ်ထားတာလည်း နှစ်လနီးပါးကြာမြင့်နေပြီဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေကို တိုက်ပိတ်မခံရအောင်၊ ထောင်မပြောင်းရအောင်လုပ်ပေးမယ်ဆိုပြီး ငွေတောင်းခံတာတွေလည်းရှိနေတယ်လို့ နိုင်ကျဉ်းမိသားစုဝင်တွေနဲ့နီးစပ်သူကဆိုပါတယ်။
ထောင်ဝင်စာပို့ခွင့်မရပေမယ့် ထောင်ပိုင်ကြီးရောင်းချတဲ့ ကွမ်းယာ၊ ဆေးလိပ်၊ မုန့်ဟင်းခါးနဲ့ မုန့်တွေကိုတော့ ပြင်ပမှာရှိတဲ့ မိသားစုက ငွေကြိုသွင်းပြီး ဝယ်ယူနိုင်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၆ ရက်နေ့မှာတော့ နိုင်ငံရေးအကျဉ်းသား တချို့ကို ထောင်အာဏာပိုင်တွေက နှိပ်စက်ညှင်းပန်းတဲ့အတွက် အကျဉ်းသားအခွင့်အရေးနဲ့ပတ်သက်ပြီးထောင်တွင်း ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့တာကိုထောင်အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားကိုဝေယံဖြိုးဟာသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအများစုလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့အပြင် ပုဒ်မတွေနဲ့ထပ်တိုးအရေးယူခံထားရပြီး ထောင်ဝင်စာကိုလည်း ပိတ်ဆို့ကန့်သတ်လိုက်တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်အတွင်းမှာ ပုံစံမျိုးစုံနဲ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို ထောင်ကပြန်လွတ်မြောက်လာသူတွေကပြောဆိုကြတဲ့အပြင် ထောင်အတွင်းကနေနည်းအမျိုးမျိုးနဲ့ထုတ်ဖော်ပြောဆိုမှုတွေရှိနေပါတယ်။
အာဏာသိမ်း ၂နှစ်တာကာလအတွင်းမှာ အကျဉ်းသားအခွင့်အရေးချိုးဖောက်ခံရမှုတွေဟာတစစ ဆိုးရွားလာတဲ့အခြေအနေကိုရောက်နေတယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေကထောက်ပြပြောဆိုနေကြပြီး နိုင်ငံတကာရဲ့ထိရောက်တဲ့အကူအညီတွေကိုလည်း တောင်းဆိုနေကြပါတယ်။
အကျဉ်းထောင်တွင်းအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးကိုယ်တိုင်ကြုံတွေ့နေရသူတွေရဲ့ပြောဆိုချက်တွေလည်းရှိနေပေမယ့် စစ်ကောင်စီကတော့ ဒါတွေကို ဝန်ခံလေ့မရှိဘဲ အမြဲလိုလိုငြင်းချက်ထုတ်လေ့ရှိပါတယ်။