အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေတဲ့ နေပြည်တော်မှာလေးရက်ဆက်တိုက် ဗုံးကွဲ

မတ်၊ ၃

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အစိုးရအဖွဲ့ရုံးစိုက်တဲ့နေပြည်တော်မှာ ယခုရက်သတ္တပတ်အတွင်း ပေါက်ကွဲမှု ၄ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ အဲဒီလှုပ်ရှားမှုတွေကို ဆောင်ရွက်တဲ့ ပြောက်ကျားအဖွဲ့တွေက အတည်ပြုပြောဆိုပါတယ်။

အဲဒီ ၄ ရက်ဆက်ပေါက်ကွဲမှုအနက် ၃ ခုကို စစ်တောင်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အဲဒီအဖွဲ့တာဝန်ခံ ဗိုလ်လရောင်က DNA ကိုပြောပါတယ်။

” ကျနော်တို့ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်ပြောသလို နေပြည်တော်ထဲတောင် မလုံခြုံဘူးဆိုတာကို သူတို့သိအောင် တိုက်ခိုက်ခြင်းဖြစ်တယ်။ တိုက်ခိုက်တဲ့ ပစ်မှတ်တွေ အကုန်လုံးက ပြည်သူလူထုကို အကြမ်းဖက်တဲ့နေရာမှာ နည်းမျိုးစုံနဲ့ ပါဝင်နေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေဖြစ်တယ်။ ရဲတွေဆိုတာကလည်း စခ တွေလိုအာဏသိမ်းတာကို အတူတကွဆောင်ရွက်နေတဲ့သူတွေပါ။ ဦးမြငြိမ်းဆိုတာကလည်း မင်းအောင်လှိုင်နဲ့ နောက်ကွယ်မှာ ပူးပေါင်းနေသူဖြစ်တယ် ” လို့ သူကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေပြည်တော်နဲ့တိုင်းငါးတိုင်းမှာ တိုက်ပွဲ၇၀ဖော်ဆောင်ခဲ့ပြီးနေပြည်တော်တောင်မလုံခြုံတာသိစေရမယ်လို့မကြာခင်ကပြောထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်ညပိုင်းက ဇေယျာသီရီမြို့နယ် ၊သိုက်ချောင်းနဲ့ ပုဗ္ဗသိရီမြို့ မုဆိုးမအိမ်ယာကြားရှိ တံတားအနီးက စစ်အုပ်စု စစ်ဆေးရေးဂိတ်နဲ့ ၂၈ ရက်နေ့မှာ ဇမ္ဗူသိရီမြို့နယ် ၊ရွှေကြာပင် ရပ်ကွက် ၊မြစ်ငယ်လမ်းနဲ့ စန္ဒီလမ်းထောင့်ရှိ ကြံဖွံ့ပါတီအဖွဲ့ဝင် အမျိုးသားလွှတ်တော် ဒုဥက္ကဌဟောင်း ဦးမြငြိမ်းနေအိမ်ကို ဗုံးထုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အလာတူးပဲ မနေ့က ၂ ရက၊ညနေ ၇ နာရီလောက်မှာ  ဇမ္ဗူသီရိမြို့နယ်နဲ့ ဒက္ခိဏသီရိမြို့နယ်အစပ် ချိုင်းကျေးရွာလမ်းဆုံက စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို ပေါက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ဦးထိခိုက်မှုရှိခဲ့တယ်လို့ သူကဆိုပါတယ်။

ဒါအပြင် မတ်၁ ရက်နေ့ ညဦးပိုင်းက စစ်တပ်နဲ့ နီးစပ်သူတဦးပိုင်ဆိုင်တဲ့ မန္တလေးပါရာဒိုက်စာသောက်ဆိုင်ထဲ ဗုံးကွဲခဲ့လို့ အဆောက်အဦးအနည်းငယ်ထိခိုက်ခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုကို ဘယ်သူကလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ 

” လုံခြုံရေး အခြေနေကို သေချာဆောင်ရွက်ရပါတယ်။နေပြည်တော်ဖြစ်လို့ ထင်သလို လုပ်မရပါဘူး။ တဖက်နဲ့ တဖက်လိုက်နေတာဖြစ်တဲ့အတွက် စကစက အင်အားရှိတယ်။ သူရဲ့ လုံခြုံရေး စနစ်ရှိတဲ့အတွက်ကြောင့် ပေါ့ဆလို့မရဘူး။ ကိုယ်ဖက်က နည်းပညာနဲ့ ငွေကြေးအရ အခက်အခဲရှိတယ် ” လို့ ဗိုလ်လရောင်ကဆိုပါတယ်။

လက်ရှိနေပြည်တော်မှာ ပေါက်ကွဲမှုတွေနဲ့ ဒီလ၂၇ရက်မှာကျင်းပမယ့်တပ်မတော်နေ့ကြောင့်လုံခြုံရေးက ပိုမိုတင်းကြပ်ထားပြီးအရပ်ဝတ်နဲ့ကင်းပတ်တာတွေကင်းပုန်းဝပ်တာတွေရှိသလို ယာဥ်တန်းနဲ့ကင်းလှည့်တာတွေအရမ်းများလာပြီးအစစ်အဆေးအရမ်းကြမ်းနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

” ခက်ခဲမှုကတော့နေရာတိုင်းရှိပါတယ်။ နေပြည်တော်ကတနိုင်ငံလုံးမှာစကစရဲ့အားအကောင်းဆုံးနဲ့အုပ်ချုပ်ရေးအဓိကမို့ဆိုပြီးချန်မထားပါဘူး။ 

“ကျွန်တော်တို့နေပြည်တော်နဲ့အနီးဆုံးမှာရှိနေပါတယ်။နေပြည်တော်ကိုဝိုင်းပတ်ခြိမ်းခြောက်နေဆဲပါ ” လို့ နေပြည်တော် PDF တာဝန်ရှိသူ တဦးကပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းနေပြည်တော် PDF ကလည်း စစ်ကောင်စီလေကြောင်းကာကွယ်ရေးတပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

” နေပြည်တော် PDF အနေနဲ့ရောတစ်ခြားPDF တွေရောကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်အရှိန်မြှင့်မဲ့ကာလမှာအကောင်းဆုံးပြင်ဆင်ထားပြီးဆက်တိုက်ဆိုသလိုတိုက်ပွဲတွေဖော်ဆောင်မှာပါဖြစ်ပါတယ်။ကျွန်တော်တို့အစိုးရပြောကြားခဲ့သလို၂၀၂၃ခုနှစ်ဟာအဆုံးအဖြတ်တစ်ခုဖြစ်ဖို့အားလုံးဝိုင်းဝန်းကြိုးစားနေကြပါတယ်။ ပြည်သူတွေကလည်း ကူညီကြပါ လိုအပ်လို့ထုတိပြန်ချက်တွေကိုလည်း လိုက်နာကြပါ ” လို့ သူကဆိုပါတယ်။