စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက်သေဆုံးသူ အယောက် တထောင်ကျော်ရှိလာပြီ

ပြည်တွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းတာကိုဆန့်ကျင်ရာမှာပါဝင်သူတွေကိုစစ်ကောင်စီက ပုံစံမျိုးစုံနဲ့ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးပြီးတဲ့နောက် စစ်ကောင်စီလက်ထဲမှာသေဆုံသူပေါင်း ၁၀၆၄ ယောက်အထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPP က ဒီကနေ့ မတ်လ ၁ ရက်မှာထုတ်ပြန်လာပါတယ်။

AAPP က ထုတ်ပြန်တဲ့စာရင်းအချက်အလက်တွေအရ အဲဒီလိုစစ်တပ်ဖမ်းဆီးထားချိန်မှာ သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းထဲကအများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။

ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတယ်ဆိုတဲ့အခြေအနေဆိုတာ စစ်ကောင်စီတပ်သားတွေကဖြစ်စေ၊ စစ်ကောက်စီလက်အောက်ခံအဖွဲ့တွေကဖြစ်စေ နည်းလမ်းမျိုးစုံနဲ့ဖမ်းဆီးပြီးနောက် အကျဉ်းသားအပေါ်ပြုမူဆက်ဆံရမယ့် စံနှုန်းတွေကိုလျစ်လျူရူပြီး ဖမ်းဆီးခံရသူအားအသက်သေဆုံးစေခြင်းဖြစ်တယ်လို့ AAPP က အဓိပ္ပယ်ဖွင့်ဆိုထားပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကဖမ်းဆီးထားပြီးနောက် စစ်ကြောရေးစခန်းတွေမှာ သေဆုံးတာတွေနဲ့ နာရီပိုင်းအတွင်း မိသားစုကိုအလောင်းလာထုတ်ခိုင်းတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

ဒါ့အပြင်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ မြေပြင်သပိတ်ဦးဆောင်သူတွေ၊ အဖွဲ့ဝင်တွေနဲ့မြို့ပြပြောက်ကျားလူငယ်တချို့ဟာလည်း စစ်တပ်ကဖမ်းဆီးသွားပြီးနောက် မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ဖြစ်စဉ်တွေကိုလည်း သက်ဆိုင်ရာအဖွဲ့တွေကတောက်လျောက်ဆိုသလိုထုတ်ပြန်ခဲ့ပါတယ်။

ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူပေါင်း နှစ်သောင်း နီးပါးရှိပြီးအဲဒီထဲက တသောင်းခြောက်ထောင်ကျော်ကတော့ အကျဉ်းထောင်တွေထဲမှာ တရားရင်ဆိုင်နေရပြီးထောင်ဒဏ်တွေလည်းချမှတ်ခံထားရပါတယ်။