စပိန် ဂန္ထဝင် ခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ်ဟာ နိုင်ငံတကာ လက်ရွေးစင် ကစားသမား ဘဝကနေ အပြီးတိုင် အနားယူပြီလို့ ကြေညာခဲ့ပါတယ်။
လက်ရှိ အချိန်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအတွက် ကစားနေပြီး စပိန်အသင်းနဲ့ရော၊ ရီးရဲလ်မက်ဒရစ်မှာပါ ခမ်းနားလှတဲ့ အောင်မြင်မှုတွေ အလီလီ ရရှိခဲ့ဖူးတဲ့ ရာမို့စ်ဟာ အသက် ၃၆ နှစ် အရွယ်မှာ လက်ရွေးစင် အသင်းကို ကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူဟာ စပိန်အတွက် ၁၈ နှစ်နီးပါး ကာလအတွင်း ပွဲပေါင်း ၁၈၀ ကစားပေးခဲ့ပြီး ၂၃ ဂိုးထိ သွင်းနိုင်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိ စပိန်အသင်းရဲ့ သမိုင်းမှာ ရာမို့စ်လောက် ပွဲများများ ကစားခဲ့ဖူးသူ မရှိသေးပါဘူး။
ရာမို့စ်ဟာ စပိန်အသင်းနဲ့အတူ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား၊ ၂၀၀၈ နဲ့ ၂၀၁၂ ခုနှစ် ဥရောပ ဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ် ဥရောပ ဖလားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင်အသင်း လူစာရင်းတွေမှာ ချန်လှပ် ခံခဲ့ရတဲ့နောက် သူ့ရဲ့ စပိန် ကစားသမားဘဝ အဆုံးသတ်သင့်ပြီလို့ ရာမို့စ်က ယူဆခဲ့ဟန် ရှိပါတယ်။
အခုအခါ စပိန် လက်ရွေးစင် အသင်းကို နှုတ်ဆက်ဖို့ အချိန်ကျလာပြီဖြစ်ကြောင်း၊ လက်ရှိ လက်ရွေးစင်အသင်း နည်းပြ (လူးဝစ် ဒယ်လာ ဖျူရန်တေး)က ဖုန်းဆက်လာပြီး အသင်းရဲ့ အနာဂတ် အစီအမံတွေထဲမှာ သူပါဝင်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း အသိပေးလာကြောင်း၊ ဒီအခြေအနေအရ သူလျှောက်လှမ်းခဲ့တဲ့ လမ်းတခုဟာ ဆုံးခန်းတိုင်သွားပြီ ဆိုတာကို လေးလံတဲ့ စိတ်နှလုံးနဲ့ လက်ခံခဲ့ရတာဖြစ်ကြောင်း ရာမို့စ်က ကြေညာပါတယ်။
အသင်းအတွက် သူလုပ်ဆောင်ပေးခဲ့တာတွေကို ငဲ့ညှာပြီး ပိုမို ကောင်းမွန်တဲ့ အဆုံးသတ်မှုမျိုးနဲ့ ထိုက်တန်တယ်လို့တော့ ရိုးရိုးသားသား ယုံကြည်မိကြောင်း၊ ဥပမာ အနေနဲ့ ကိုယ်တိုင် အနားယူဖို့ ဆုံးဖြတ်လိုက်တာ၊ ဒါမှမဟုတ် ကိုယ့်စွမ်းဆောင်ရည်က လက်ရွေးစင် အသင်းနဲ့ မတန်တော့တာ ဆိုတာမျိုး တခုခုကြောင့် ဖြစ်သင့်ကြောင်း၊ ကစားသမား တယောက် အသက်ရလာတာဟာ ဂုဏ်ရှိလာတာ မဟုတ်သလို ချွတ်ယွင်းသွားတာလည်း မဟုတ်ကြောင်း၊ သူ့အနေနဲ့ လူကာမိုဒရစ်၊ လီယွန်နယ် မက်ဆီ၊ ပီပီတို့လို ကစားသမားတွေကို လေးစား အားကျမိပေမယ့် သူတို့လို အခွင့်အရေးတော့ မရခဲ့ကြောင်း၊ ဘောလုံး အားကစားဟာ အချိန်တိုင်း မျှတမှု ရှိမနေသလို အမြဲတမ်းလည်း ဘောလုံးရှုထောင့်ကချည်း စဉ်းစားနေတာ မဟုတ်တော့ကြောင်းလည်း ရာမို့စ်က ပြောကြားသွားပါတယ်။
Ref: Goal