ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ဗုဒ္ဓဘာသာ ဘုရားပွဲအတွင်း ရခိုင်၊ မွတ်ဆလင် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ထည့် သွင်းကျင်းပခဲ့ပြီး အဲဒီပွဲမှာ မွတ်ဆလင်ကျေးရွာတွေကဒေသခံတွေလည်း ယပါ၀င် ကစားခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပေါက်တောမြို့နယ် စိုင်းတုတ်ကျွန်း၊ပုဏ္ဏားကြီးရွာမှာရှိတဲ့ လည်ဖူးတော်ဓါတ်ဘုရားပွဲမှာ ဖေဖော် ဝါရီလ (၁၀) ရက်ကနေ (၁၇) ရက်အထိ ဆယ်ရက်ကြာ ချစ်ကြည်ရေးဘောလုံးပွဲ ထည့်သွင်းခဲ့တာလို့ ပွဲကျင်းပတဲ့သူတွေနဲ့ ပါ၀င်ကစားခဲ့ကြတဲ့ မွတ်ဆလင်ရွာသားတွေက ပြောကြပါတယ်။
“အခုလိုပွဲတွေ လုပ်ပေးတာကို ကျေးဇူးအများကြီး တင်ပါတယ်၊ဒီလိုပွဲကြောင့် တဘက်နဲ့ တဘက် ယုံ ကြည်မှုတွေ တိုးလာပါတယ်၊အရင်ကလည်း ဒီလိုပွဲတွေ ရှိခဲ့ပါတယ်၊ အဲတုန်းကလည်း ဘာအငြိုးအဃာတတွေမှ မရှိခဲ့ကြသလို အခု ဒီပွဲလုပ်တော့လည်း အ ငြိုးအဃာတတွေ မရှိတော့ဘူး”လို့ အဲဒီချစ်ကြည် ရေးပွဲမှာ ဘောလုံးသွားကန်ခဲ့တဲ့ ငှက်ချောင်းမွတ်ဆလင်ကျေးရွာက ဦးမောင်မောင်သန်းကDNA ကို ပြောပါတယ်။
အခု ဘုရားပွဲကျင်းပတဲ့ စိုင်းတုတ်ကျွန်းမှာ ရခိုင်ရွာတွေ၊ မွတ်ဆလင်ကျေးရွာတွေ ရှိပြီး ၂၀၁၂ ပဋိပက္ခ တွေမဖြစ်ခင်ကတည်းကအဲဒီရွာတွေ စုပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြတဲ့ အစဉ်အလာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလို ကျင်းပခဲ့ရာကနေ ၂၀၁၂ဒေသတွင်း ပဋိ ပက္ခဖြစ်စဉ် နောက်ပိုင်းမှာ ချစ်ကြည်ရေးပွဲတွေ မကျင်းပဖြစ်ခဲ့ကြတော့ဘဲ ရခိုင့်တပ်တော်(AA)က ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ကိုင်တွယ်လာပြီးနောက် ၂၀၂၂ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တာလို့ သိရပါတယ်။
အခုကျင်းပတဲ့ ချစ်ကြည်ရေးဘောလုံးပွဲမှာ မွတ်ဆလင်ကျေးရွာ ၅ ရွာ၊ ရခိုင်ရွာ ၁၂ ရွာတို့က အ သင်းပေါင်း ကိုးဆယ်ကျော် ပါ၀င်ကစားခဲ့ကြတယ်လို့ ပွဲကျင်းပသူတွေက ပြောကြပါတယ်။
ဒါ့အပြင် အဲ့ဒီဘောလုံးပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ မွတ်ဆလင်ကျေးရွာဒေသခံတွေကလည်ဖူးတော် ဘုရားအတွက် အလှူငွေ ကျပ်(၂၂)သိန်းလှူဒါန်းခဲ့တယ်လို့ ဘုရားဂေါပကအဖွဲ့ဝင်ကိုကိုးကားပြီး ရခိုင်အခြေစိုက် Western News သတင်းဌာနကဖော်ပြပါတယ်။