စစ်ခေါင်းဆောင်တွေ စစ်ရှုံးနေမှုကိုလက်ခံကြဖို့ AA ရဲ့စစ်သုံ့ပန်းဖြစ်နေတဲ့ နပခတိုင်းဦးစီးချုပ်ပြော

Photo- AA Info Desk

ဒီဇင်ဘာ၊ ၂၇

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကို လက် ခံပြီး ပြည်သူတွေအပေါ် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ အာရက္ခတပ်တော် AA ရဲ့စစ်သုံ့ပန်း ဖြစ် နေတဲ့ နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကပြောဆိုပါတယ်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို AA က ထုတ်ပြန်ရာမှာ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းရဲ့ ထွက်ဆိုချက်တချို့ကိုပါ ဖော်ပြခဲ့တာဖြစ်ပါတယ်။

“ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ၊ဘဝတွေကိုငဲ့ညှာသော အား ဖြင့် ရခိုင်ပြည်နယ်မှာစစ်ရှုံးနေတယ်ဆိုတာကိုလက်ခံပေးပါ”လို့ သုံ့ပန်းအဖြစ် ထိန်းသိမ်းခံထားရတဲ့အခြေအနေမှာ AA ဘက်က တာဝန်ရှိသူရဲ့ မေးမြန်းချက်ကို သူကတုံ့ပြန်ပြောဆိုပါတယ်။

နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းဟာ ကနဦးမှာ တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ သတင်း တွေထွက်ပေါ်ခဲ့သူဖြစ်ပေမဲ့ အာရက္ခတပ်တော် AA ရဲ့ထုတ်ပြန်ချက်တွေအရတော့ နပခ ဌာနချုပ်သိမ်းပိုက်ခံရတဲ့ ဒီဇင်ဘာ ၂၀ ရက်မှာပဲ ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်း၊ဆက်သွယ်ရေးအရာရှိ၊ဗိုလ်ကြီးအောင်စစ်နိုင်၊အရာခံ ဗိုလ်အေးသိန်းတို့နဲ့အတူ ဖမ်းမိခဲ့တာလို့သိရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျဆုံးသွားတာနဲ့ပတ်သက်လို့တော့ စစ်ကူစစ်ကြောင်းတွေအချိန်မီမရောက်တာ၊ ရောက်လာတဲ့ စစ်ကြောင်းတချို့ကိုလည်း အာရက္ခတပ်တော်က ဝိုင်းပတ်ပိတ်ဆို့ချေမှုန်းနိုင်ခဲ့တာတွေကြောင့် ဖြစ် တယ်လို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် နပခ ဌာနချုပ် တိုက်ခိုက်ခံရချိန်မှာ သောက်စရာရေမရှိတော့တဲ့အထိ ခုခံခဲ့ပေမယ့် အာရက္ခတပ်တော်ရဲ့ တိုက်စွမ်းရည်ကြောင့် ဌာနချုပ်ကျဆုံးသလို သူအပါအဝင် အဆင့်မြင့်အရာရှိတွေလက်ရဖမ်းဆီးခံရတာဖြစ်တယ် လို့လည်း ဆက်ပြောပါတယ်။

နပခ ဌာနချုပ် တိုက်ခိုက်ခံရချိန်မှာစစ်ကောင်စီဘက် က တိုက်ခိုက်ရေးလေယာဉ်၊ရဟတ်ယာဉ်တွေပါ သုံးပြီး ပစ် ကူပေးခုခံခဲ့ကြောင်း AAရဲ့ရုပ်သံမှတ်တမ်းအတွင်း တွေ့ရသလို AA ဘက်ကလည်း ရခိုင်ပြည်နယ်ထိုးစစ်တွေမှာ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းနိုင်ခဲ့တဲ့ လက်နက်ကြီး၊သံချပ်ကာကားတွေအပါအဝင် လက်နက်မျိုးစုံကို ပြန် လည်အသုံးပြုတိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။

AA တပ်ဖွဲ့ဝင်တွေဟာ နပခဌာနချုပ်ရုံးဝန်းအတွင်းကနေ ခဲယမ်းတွေ ဂိုဒေါင်လိုက် သိမ်းဆည်းနိုင်ခဲ့သလို စစ် ကောင်စီတပ်သားတွေ ဖွင့်မဖောက်နိုင်တော့ဘဲ အကောင်းအတိုင်းကျန်နေတဲ့ လေကြောင်းကနေပို့ပေးထားတဲ့ ရိက္ခာနဲ့ ခဲယမ်းထုပ်အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

နပခ ဌာနချုပ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် သိမ်းဆည်းရမိလက်နက်ခဲယမ်းနဲ့ သုံ့ပန်းဆိုင်ရာ အချက်အလက်တွေကို AA ဘက်က ထုတ်ပြန်တာမရှိသေးပေမဲ့ မနေ့ညက ထုတ်ပြန်တဲ့ ရုပ်သံဖိုင်အတွင်း သုံ့ပန်းရာချီအထိရှိနိုင်တာတွေ့ ရပါတယ်။

ဒါ့အပြင် ဒီမတိုင်ခင်ကလည်း နပခ တိုက်ပွဲတွေကနေ အလံဖြူထောင်လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေအများအပြားရှိနေကြောင်း AAက ရုပ်သံမှတ်တမ်းတွေထုတ်ပြန်ထားပါသေးတယ်။

နပခ ဌာနချုပ်ဟာ အာဏာသိမ်းစစ်ကောင်စီလက်ထက် ဒုတိယမြောက်လက်လွှတ်ရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ် သ လို ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တနှစ်ကျော်အတွင်း ဒုတိယမြောက်လက်လွှတ်ရတဲ့ ဌာနချုပ်လည်း ဖြစ်ပါ တယ်။