CDM ဝန်ထမ်းတွေကို တော်လှန်အလွန်မှာ လစာတလုံးတခဲတည်းပြန်ထုတ်ပေးမယ်လို့ NUG ပြော

အာဏာသိမ်းပြီးနောက် CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေ မထုတ်ခဲ့ရတဲ့လစာတွေကို တော်လှန်ရေးအ လွန်ကာလမှာ တလုံးတခဲတည်းပြန်ထုတ်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းမှု နှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်မှာ CDM ဝန်ထမ်းတွေနဲ့ပတ်သက်လို့ NUG ကထုတ်ပြန်ရာမှာ အဲ့ဒီလိုဖော်ပြထားတာပါ။

ဒါ့အပြင် CDM ဝန်ထမ်းတွေကို အာဏာသိမ်းမှုမတိုင်ခင် ထမ်းဆောင်ခဲ့တဲ့ရာထူးတွေကနေ မနေ့ကစလို့ တဆင့်တိုးမြှင့်ပေးလိုက်တယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်ကဆိုပါတယ်။CDM ဝန်ထမ်းအားလုံးကိုရာထူးတဆင့်တိုးပေးတာဖြစ်လို့ နေ့စာဝန်ထမ်းတွေကိုလည်း အမြဲတမ်းဝန်ထန်းအဖြစ် ခန့်အပ်တယ်လို့ ဆဖာ်ပြထားပါတယ်။

” ရာထူးကတော့မတိုးချင်နေပါ၊ ကျွန်မကမူလတန်းပဲသင်ချင်တာဆိုတော့ မတိုးပေးဖို့နောက်ကျပြောရမှာပေါ့၊ လစာတလုံးတခဲတည်းရမယ်ဆိုတာတော့ဝမ်းသာတယ်၊အားဆေးပေးလိုက်တာပေါ့” လို့ CDM မူလတန်းပြဆရာမတဦးကပြောပါတယ်။

CDM ဝင်ရောက်ကြတဲ့ ဝန်ထမ်းတွေထဲမှာ နဂိုကပြည့်စုံသူတွေနဲ့အပြင်မှာလုပ်ကိုင်စားသောက်တတ်တဲ့သူတွေအတွက် အခက်အခဲသိပ်မရှိပေမယ့် ဝန်ထမ်းလစာတခုတည်းကိုသာ အားထားနေရသူတွေ၊ပင်စင်ယူချိန်နီးမှ CDM ဝင်ရောက်ခဲ့သူတွေအနေနဲ့  ရင်ဆိုင်ရတဲ့အခက်အခဲကြီးမားတယ်လို့ CDM တွေကိုကူညီနေသူတဦးကပြောပါတယ်။

“ပင်စင်ယူဖို့ကိုးလလောက်အလိုမှာ CDM ဝင်ခဲ့တာပါ၊ငတ်ခါမှငတ်ရောဆိုတဲ့စိတ်နဲ့ပါပဲ၊ တသီးတသန့်အထောက်အပံ့ရတာမျိုးတော့မရှိဘူး၊ ဟိုကဆန်ပေး၊ ဆီပေး၊တချို့တပည့်တွေကလည်း ဆေးဖိုးလေးလာကန်တော့တာမျိုးရှိတယ်၊များများစားစားမဟုတ်ပါဘူး။ အသက်အရွယ်လည်းရလာပြီဆိုတော့ သေရင်တောင် လိပ်ပြာသန့်ချင်တာပါ၊ တော် လှန်ရေးပြီးတာကိုမြင်ချင်သေးလို့ ကျန်းမာရေးဂရုစိုက်ပြီး ဘုရားတရားလုပ်ပါတယ်” လို့ CDM အထက်တန်းပြဆရာမကြီးတဦးကပြောပါတယ်။

CDM ဝင်ရောက်ခဲ့တဲ့ဝန်ထမ်းတွေထဲက တချို့ဟာ တော်လှန်ရေးပြီးကာလအချိန်မှာပါ ဝန်ထမ်းမလုပ်တော့ဘဲဝန်ထမ်းဘဝကိုတခါတည်းစွန့်လွတ်ဖို့ဆုံးဖြတ်ထားသူတွေလည်းရှိပါတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေအတွက် NUG ရဲ့ထုတ်ပြန်ချက်ဟာ တော် လှန်ရေးအလွန်ကာလမှာ ဝန်ထမ်းပြန်လုပ်ဖို့ တွန်းအားဖြစ်စေတယ်လို့ CDM အသိုင်းအဝိုင်းကဆိုပါတယ်။

“ကျွန်တော်နဲ့သိတဲ့လင်မယားနှစ်ယောက်ဆို နှစ်ယောက်စလုံး ဌာနတခုကဝန်ထမ်းတွေ၊CDMဝင်ပြီး လင်မယားနှစ်ယောက်စျေးရောင်းကြတယ်၊ အဲ့ဒီမှာသူတို့သိသွားတယ်၊ ဝန်ထမ်းဘဝ ဝင်ငွေနဲ့က ကွာတာကိုး၊ သူတို့နှစ်ယောက်လုံးဝန်ထမ်းပြန်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားကြတာ၊ NUG ကမနေ့ကထုတ်ပြန်လိုက်တော့ သူတို့စဥ်းစားနေပြီ” လို့ CDM တွေကိုကူညီပေးနေသူတဦးကပြောပါတယ်။

CDM ဝန်ထမ်းတွေထဲက ငယ်ရွယ်သူတွေ၊ ပြင်ပစီးပွားရေးလုပ်တတ်သူတွေဟာ ဝန်ထမ်းဘဝကိုတခါတည်းစွန့်လွတ်ဖို့ ဆုံးဖြတ်ထားတာမျိူးရှိပြီး NUG ရဲ့ထုတ်ပြန်ချက်ဟာ တော်လှန်ရေးကာလအ လွန်မှာ လိုအပ်လာမယ့်ဝန်ထမ်းအင်အားကိုလည်း တဖက်ကထိမ်းထားရာရောက်တယ်လို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်။