တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ပြင်ကြီးရွာ ရန်ကုန်-မြိတ်အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွား တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်အမျိုးသားနှစ်ဦးက မဇောကျေးရွာ မရင်းငယ်လမ်းဆုံအရောက် အဝေးပြေး ကားလမ်းမပေါ်မှာ ဆိုင်ကယ်တိမ်းမှောက်ရာက ပေါက်ကွဲမှုဖြစ်ပြီး နှစ်ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဒေသခံ တဦးက DNA ကို ပြောပါတယ်။
“ကားလမ်းပေါ်မှာပဲ ဆိုင်ကယ်မှောက်တာ၊ သူတို့လည်း ဆိုင်ကယ်မှောက် ပေါက်ကွဲသံကြားလိုက်ရတာပဲ၊ အဲမှာပဲ နှစ်ယောက်လုံး သေတယ်၊နောက်ပြီးဘေးနားမှာလည်း ဘာမှ မရှိနေဘူးလေ၊ သူတို့နဲ့ ပါလာတဲ့ ဗုံးကပဲ ပေါက်ကွဲ သွားတာထင်တယ်ပေါ့၊ဒီရွာဘက်မှာက စစ်သားတွေ တခါတလေသွားလာတာတော့ ရှိတယ်၊ အရင်တုန်းကတော့ တိုက်ပွဲဖြစ်တာမျိုးရှိခဲ့တယ်၊အခုမဖြစ်တာကြာပြီ” လို့သူက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့အမျိုးသားနှစ်ဦးဟာ အသက် ၂၀ ကျော်အရွယ်လူငယ်ပိုင်းတွေ ဖြစ်ကြပြီး ဒေသခံတွေ မဟုတ်ဘူးကြလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြိတ်မြို့နယ်က တော်လှန်ရေးအဖွဲ့တချို့ကို DNA က ဆက်သွယ် မေးမြန်းဖို့ ကြိုး စား ပေမယ့် အဆက်အသွယ် မရသေးပါဘူး။ဒေသတွင်း မြေအောက်တော်လှန်ရေး(UG)အဖွဲ့တချို့ကတော့ အဲ့ဒီ ဖြစ်စဉ်မှာ သေဆုံးသူနှစ်ဦးကို မသိကြဘူးလို့ ပြောပါတယ်။
“အခုမြိတ်မြို့တွင်းမှာ လှုပ်ရှားနေတဲ့ UG အဖွဲ့တွေနဲ့ မဆိုင်ဘူး၊ သူတို့ကိုလည်း မသိဘူးပေါ့နော်၊ ဒါကလည်း ကျွန်တော်တို့နဲ့ မသိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့တွေကလည်း ဖြစ်နိုင်ပါတယ်၊အများစုကတော့ အချိတ် အဆက်ရှိကြပါတယ်”လို့ မြိတ်မြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။