ဗီလာရီးရဲလ် တိုက်စစ်မှူး ဒန်ဂျူးမားကို တော့တင်ဟမ်အသင်း အငှားခေါ်ယူ

တော့တင်ဟမ် ဟော့စပါး အသင်းဟာ စပိန်ကလပ် ဗီလာရီးရဲလ်ရဲ့ တိုက်စစ်မှူး အာနော့ထ် ဒန်ဂျူးမားကို အငှားခေါ်ယူလိုက်ပါတယ်။

 အသက် ၂၅ နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အဲဗာတန်က အသည်းအသန် ချိတ်ဆက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ တော့တင်ဟမ်က ကြားဖြတ် ခေါ်ယူသွားခဲ့တာပါ။ ဒန်ဂျူးမားဟာ အခုဘောလုံးရာသီ အကုန်ထိ လန်ဒန် အခြေစိုက် ကလပ်အသင်းမှာ ရှိနေတော့မှာ ဖြစ်ပါတယ်။

 တကယ်လို့ ဒန်ဂျူးမားဟာ မန်နေဂျာ အန်တိုနီယို ကွန်တီ ကိုင်တွယ်နေတဲ့ အသင်းမှာ အဆင်ပြေပြီး အထိုင်ကျလာခဲ့မယ်ဆိုရင် ဘောလုံးရာသီ အကုန်မှာ သတ်မှတ် ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ အပြီးသတ် ဝယ်ယူခွင့်ကိုလည်း တော့တင်ဟမ်က ကြိုတင် ညှိနှိုင်း သဘောတူထားပါတယ်။

 ဒန်ဂျူးမားဟာ ဗဟိုတိုက်စစ်ရော၊ တောင်ပံတိုက်စစ်မှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ သူဟာ အဲဗာတန်ဆီ အငှားပြောင်းရွှေ့ဖို့ အရမ်းနီးစပ်နေပြီးမှ ကွန်တီက ကြားဝင်ပြီး စည်းရုံး ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

 အခုရာသီ ကွင်းတွင်း ရလဒ်တွေ ဆိုးရွားပြီး မန်နေဂျာ ဖရန့်ခ် လမ်းပတ်ကိုတောင် လတ်တလော ထုတ်ပယ်ထားလိုက်တဲ့ အဲဗာတန် အတွက်တော့ အပြောင်းအရွှေ့ လှုပ်ရှားမှုမှာပါ ရလဒ်ဆိုးနဲ့ ထပ်ကြုံခဲ့တဲ့ သဘောပါပဲ။ ဒန်ဂျူးမားဟာ အခုသီတင်းပတ်ကုန်မှာ ပရက်စ်တန် နော့သ်အန်းနဲ့ ကစားမယ့် အက်ဖ်အေ ရှုံးထွက်ဖလား ပွဲစဉ်ကျရင် အသင်းသစ်အတွက် စတင် ပွဲထွက်လာမယ်လို့ ယုံကြည်ရပါတယ်။