အမျိုးသားညီညွတ်ရေး အစိုးရ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူကာကွယ်ရေး တပ်မတော် (မန္တလေး) ကရဲဘော်တွေကို စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်အတွက် အခြေခံ ဆေးကုသနည်း သင်တန်းကို ပေးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ရဲ့ တာဝန်ခံ ရဲဘော်မိုးကြိုးကပြောပါတယ်။
အဲဒီသင်တန်းကို ရှေ့တန်းမှာ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာ တွေရှိခဲ့ရင် ချက်ချင်း အရေးပေါ်ကုသနိုင်ဖို့နဲ့ ပြည်သူတွေကို ကျန်းမာရေးအရပါ ကူညီဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီး သင်ကြားပေးနေတာလို့လည်းဆိုပါတယ်။
” ရှေ့တန်းမှာ ရဲဘော်တွေ လိုအပ်လာရင် အရေးပေါ်အသုံးချနိုင်ဖို့ပေါ့။ လိုအပ်ချက်ကလေးတွေကတော့ ရှိပါသေးတယ်။ အဓိကတော့ ဆေးပစ္စည်းကိရိယာတွေပါ ” လို့ ရဲဘော်မိုးကြိုးကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက သင်တန်းသားရဲဘော်တွေကို တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သတ်ပြီး အခြေခံဆေးကုသနည်း သင်တန်းကို MFM မန္တလေး ဆရာဝန်အဖွဲ့တွေက သရုပ်ပြသင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ MFM မန္တလေး ဆရာဝန်များအဖွဲ့ က သင်ကြားပြသမှုနဲ့ ဆေးကုသမှုသင်တန်းတွေကို ၉ ကြိမ်လောက်အထိ ပေးထားတယ်လို့ ရဲဘော်မိုးကြိုးက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)ဟာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာတပ်ရင်း ၅ ရင်းနဲ့ စုဖွဲ့ထားတယ်လို့သိရပါတယ်။