အာဆင်နယ် အနေနဲ့ ပြင်းထန် ကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေကို မျှော်လင့်ထားရမယ်လို့ အာတီတာပြော 

မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင်ယူခဲ့တဲ့နောက် အာဆင်နယ်ဟာ ကြမ်းတမ်း ခက်ထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိလာပြီလို့ အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ပြောကြားလိုက်ပါတယ်။ 

အာဆင်နယ်ဟာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ယူခဲ့တဲ့နောက် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ ဒုတိယ နေရာက မန်ချက်စတာ စီးတီးထက် တစ်ပွဲလျော့ ကစားပြီး ၅ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ ယူနိုက်တက်ကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပေမယ့် မဆုတ်မနစ် ကြိုးစားကစားရင်း နောက်ဆုံးမိနစ် အသည်းခွဲဂိုးနဲ့ အနိုင်ပြန်ယူခဲ့တာ ဖြစ်ပါတယ်။ 

စပိန်သား မန်နေဂျာ အာတီတာက သူ့အသင်းရဲ့ စိတ်ဓာတ်နဲ့ အားထုတ်မှုတွေကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့ပေမယ့် အာဆင်နယ်ရဲ့ ချန်ပီယံ ဖြစ်ခွင့်ကို ရှေ့လာမယ့် ပွဲစဉ်တွေမှာ တခြားပြိုင်ဘက် အသင်းတွေက ဝိုင်းပြီး စိန်ခေါ် စမ်းသပ်လာဖို့ ကြိုတွေးထားသင့်ကြောင်း ပြောပါတယ်။ 

လွန်ခဲ့တဲ့ ပွဲစဉ် ၁၂ ခု၊ ၁၃ ခုလောက်မှာ အသင်းအပေါ် ကျရောက်လာမယ့် ဖိအားတွေနဲ့ ပတ်သက်လို့ အစဉ်တစိုက် ပြောခဲ့ဖူးကြောင်း၊ အခုဆိုရင် ပရီးမီးယားလိဂ် အသင်းတွေက အာဆင်နယ်ကို ပိုခက်ခဲအောင် ဝိုင်းဖိအားပေးတော့မှာ ဖြစ်သလို အသင်းကလည်း ဒီအတွက် ပြင်ဆင်ထားဖို့လိုကြောင်း အာတီတာက သူ့ကစားသမားတွေကို သတိပေးခဲ့ပါတယ်။ 

သူက ပြိုင်ဘက်တွေဟာ အာဆင်နယ် ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ၊ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည် အကန့်အသတ်က ဘယ်အထိလဲ ဆိုတာတွေကို ဝိုင်းဝန်း ဖိအားပေး စမ်းသပ်လာကြမှာ ဖြစ်တယ်လို့လည်း ဆိုတယ်။ 

ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်နဲ့ ပတ်သက်လို့တော့ အာတီတာက အရမ်း စိတ်လှုပ်ရှားစရာကောင်းပြီး ဆာလောင်မှုအပြည့်၊ အရည်အသွေးအပြည့် ထုတ်ပြနိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲအဖြစ် ညွှန်းဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ စုစည်းမှုရော၊ အာရုံစူးစိုက်မှုပါ အမြင့်ဆုံး အဆင့်နဲ့ ပွဲကို ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ဘယ်အခြေအနေမှာဖြစ်ဖြစ် မတုန်မလှုပ်နဲ့ လုပ်သင့်တာကို လုပ်ပြခဲ့ကြောင်း၊ ဒီပွဲကို အနိုင်ရမယ်လို့ ယုံကြည်ချက် ရှိခဲ့သလို လက်တွေ့လည်း စွမ်းဆောင်ပြနိုင်ခဲ့ကြောင်း အာတီတာက ပြောပါတယ်။ 

အာဆင်နယ်ဟာ ဇန်နဝါရီ ၂၇ ရက်မှာ မန်ချက်စတာ စီးတီးနဲ့ အက်ဖ်အေ ရှုံးထွက်ဖလား ပွဲစဉ် ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Delta News

Read Previous

မန္တလေး PDF ရဲဘော်တွေကို အခြေခံဆေးကုသနည်း သင်တန်းပေး

Read Next

အာဆင်နယ်နဲ့ပွဲမှာ လက်မခံနိုင်စရာ အမှားမျိုးတွေ ယူနိုက်တက် ကျူးလွန်မိခဲ့တယ်လို့ တန်ဟက်ဂ်ညည်းညူ