အာဆင်နယ်နဲ့ပွဲမှာ လက်မခံနိုင်စရာ အမှားမျိုးတွေ ယူနိုက်တက် ကျူးလွန်မိခဲ့တယ်လို့ တန်ဟက်ဂ်ညည်းညူ

Soccer Football – Premier League – Arsenal v Manchester United – Emirates Stadium, London, Britain – January 22, 2023 Manchester United manager Erik ten Hag REUTERS/David Klein

အာဆင်နယ်ကို ရှုံးနိမ့်တဲ့ ပွဲစဉ်မှာ လက်မခံနိုင်စရာ ခံစစ်အမှားမျိုးတွေ အသင်းက ကျူးလွန်ခဲ့တယ်လို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ညည်းညူသွားခဲ့ပါတယ်။ 

ဇန်နဝါရီ ၂၂ ရက် ညပိုင်းက အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် ခံစစ်ကြောင်းဟာ အက်ဒီ အန်ကက်တီရာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဘူကာယို ဆာကာရဲ့ အဝေးက ကန်သွင်းတဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ အန်ကက်တီရာရဲ့ ဂိုးတွေဟာ ပင်နယ်တီ ဧရိယာထဲမှာ လူကပ်ခံထားရတာမျိုး မရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းသွားတာတွေချည်း ဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ၉ ပွဲဆက် အနိုင်ရခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ရာက အခုအခါ နောက်ဆုံးကစားတဲ့ ၂ ပွဲမှာ ၁ ပွဲသရေကျပြီး ၁ ပွဲရှုံးတဲ့ အခြေအနေဆီ ရောက်လာပါတယ်။ အခုပွဲစဉ်မှာ အာဆင်နယ်က သိသိသာသာ ခြေစွမ်းပိုင်း ပိုကောင်းခဲ့သလို ယူနိုက်တက်ကလည်း အလွန်အကျွံ ပွဲပန်းနေပုံကို အထင်အရှား တွေ့မြင်နေရပါတယ်။ 

နယ်သာလန်သား မန်နေဂျာ တန်ဟက်ဂ်က အာဆင်နယ် ရသွားတဲ့ ၃ ဂိုးစလုံးမှာ သူ့ကစားသမားတွေရဲ့ အမှားတွေ မကင်းခဲ့ဘူးလို့ ပြောပါတယ်။ ပွဲတစ်ပွဲရဲ့ နောက်ဆုံး မိနစ်ပိုင်းမှာ ရမှတ်တွေ ဆုံးရှုံးရတာ နှစ်ပွဲဆက်တိုက် ရှိသွားပြီဖြစ်ကြောင်း၊ ဒီအနေအထားက လက်ခံဖို့ ခက်ခဲလွန်းကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။ 

သူက ခွင့်ပြုလိုက်ရတဲ့ ပေးဂိုးတိုင်းမှာ အသင်းရဲ့ အမှားတွေ ရှိခဲ့ကြောင်း၊ ပုံမှန်ဆိုရင် ပြိုင်ဘက်ရဲ့ အဲဒီလို တိုက်စစ်ဆင်မှုတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ လိုကြောင်း၊ ထိပ်တန်း အသင်းတစ်သင်းဟာ ဒီလို အမှားတွေ များများဖြစ်လို့ မရကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ပွဲကို စတင်ကစားတဲ့ပုံစံ ကောင်းမွန်ခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းခဲ့ကြောင်း၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လက်မခံနိုင်စရာ အမှားတွေ အများကြီး ကျူးလွန်မိခဲ့ကြောင်း၊ အခုအချိန်မှာတော့ အဲဒီ အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်ကိုပဲ တွေးရတော့မှာဖြစ်ကြောင်းလည်း တန်ဟက်ဂ်က ဖွင့်ဟသွားခဲ့ပါတယ်။ 

ဒီပွဲရလဒ်ကြောင့် ယူနိုက်တက်ဟာ အမှတ်ပေး ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ လုံလောက်မှု မရှိတာ လုံးဝ သေချာသွားစေပြီး ရာသီကုန်မှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့အတွက် အမှတ်ပေးဇယား အဆင့် ၄ အတွင်း ပါဝင်နိုင်ဖို့သာ အဓိက အားစိုက်ရတော့မှာ ဖြစ်ပါတယ်။