စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကြိမ်ချောင်းရွာနဲ့ သစ်ပုံလွင်ရွာကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မနေ့ကတိုက်ပွဲ ဖြစ်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ Indaw Revolution (IR) အဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
ထီးချိုင့်ကနေတက်လာတဲ့ အင်အား (၁၃၀) ဝန်းကျင်ပါ စစ်ကောင်စီစစ် ကြောင်းနဲ့ KIA၊PDF၊ပကဖပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီ (၂၀) ရက်မနေ့က နေ့လယ်ပိုင်းမှာ တိုက်ပွဲ ဖြစ်ခဲ့တာလို့သိရပါတယ်။
” သူတို့ဘက်ကတယောက်သေတယ်၊ လေးယောက်ဒဏ်ရာရတယ်၊ သေတဲ့သူကိုသစ်ပုံလွင်ရွာ သင်္ချိုင်းမှာမြုပ်ထားခဲ့တာ၊ ကျွန်တော်တို့ပြန်ဖော်တော့တွေ့ရတယ်” လို့ IR အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
တိုက်ပွဲအတွင်း ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ပ.က.ဖ တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့ရဲဘော်နှစ်ဦးကတော့ မစိုးရိမ်ရဘူးလို့ IR တာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီကြောင်းဟာ ထီးချိုင့်မြို့နယ် လယ်မှီးရွာကနေ ဓားစာခံအဖြစ်ဖမ်းခေါ်လာတဲ့ ပြည်သူသုံးဦးကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
“ဘယ်အချိန်သတ်သွားလဲမသိဘူး၊ဒီနေ့မနက်မှကျွန်တော်တို့အလောင်းတွေကိုတွေ့ရတာပါ” လို့ IR တာဝန်ရှိသူကပြောပါတယ်။
အသတ်ခံရတဲ့ ဓားစာခံပြည်သူသုံးဦးဟာ အသက် (၃၅)နှစ်အရွယ်တွေဖြစ်တဲ့ကိုရဲဝင်းအောင်၊ကိုညိုအေးနဲ့အသက်(၄၀)အရွယ် ကိုစန်းဝေတို့ဖြစ်တယ်လို့ IR ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ပူးပေါင်းကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူသုံးဦးကိုသတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ တပ်မ၈၈လက်အောက်ခံ ခမရ(၃၀၁)နဲ့ ခလရ (၄၁၆)တပ်ရင်းတွေဖြစ်တယ်လို့ IR ကထုတ်ပြန်ထားပါတယ်။