ဖက်ဒရေးရာ အယ်ဒီတာ့ ပြန်စာ

ဒီတစ်ပတ်တော့ — အယ်ဒီတာအဖွဲ့ထံကို “မနွယ်နီဝင်း” က ဖက်ဒရယ်ရေးရာနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ပို့လာပါတယ်။ မနွယ်နီဝင်းရဲ့ မေးခွန်းကတော့ အခုလို ဖြစ်ပါတယ်။

“ဆရာရှင့်….. လက်ရှိ မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေးကြွေးကြော်သံအဖြစ် ဖက်ဒရယ်ဒီမိုကရေစီကို တွေ့ရပါတယ်။ ၁၉၈၈ ခုနှစ်တုန်းကတော့ ဘာလို့ ဒီမိုကရေစီကြွေးကြော်သံတွေပဲ တွေ့ခဲ့တာပါလဲ။ အဲဒါကို သိချင်ပါတယ်။ နောက်တစ်ခုကတော့ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီ စနစ်က ဘာလို ပေါင်းစပ်ပြီး တည်ဆောက်ထားတာပါလဲရှင့်….”

DNA ရဲ့ အယ်ဒီတာအဖွဲ့၊ မနွယ်နီဝင်းရဲ့ မေးခွန်းကို နားလည်သလောက် ပြန်လည် ဖြေကြားလိုက်ပါတယ်။

တကယ်တော့ …. မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြည့်ရင် ဖက်ဒရယ်နဲ့ပတ်သက်တဲ့ တောင်းဆိုသံတွေဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှာ ကတည်းက ရှိပါတယ်။ သို့သော်လည်း ပြည်တွင်းစစ်ဒဏ် အပါအဝင် ၁၉၆၂ စစ်အာဏာသိမ်းအစိုးရ (တော်လှန်ရေးကောင်စီ) ရဲ့ ဖက်ဒရယ်အပေါ် ပုံဖျက်မှုတွေကို ခံခဲ့ရလို့ မြန်မာပြည်တွင်းမှာ ဖက်ဒရယ်အသံ တိမ်ကောခဲ့ခြင်းဖြစ်ပါတယ်။ တကယ်တော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေဟာ ဗမာပြည်မမှာတော့ — အသံတိတ်ခဲ့ကြပါတယ်။ ဗမာပြည်မ မဟုတ်တဲ့ ဒေသတွေမှာတော့ ဖက်ဒရယ်နဲ့ပတ်သက်ပြီး အစဉ်တစိုက် နိုင်ငံရေးရည်မှန်းချက်တွေ မပြတ် ရှိခဲ့ပါတယ်။

၂၀၁၂ နောက်ပိုင်းမှ ပြည်မဒေသမှာ တဖြည်းဖြည်းနဲ့ ဖက်ဒရယ်အပေါ် အမြင်မှန်မှု ပြန်လည်ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဒါတောင်မှ ၂၀၁၅ – ၂၀၂၀ ကာလတွေအတွင်းမှာ ပြည်မဟာ ဖက်ဒရယ်ထက် ဒီမိုကရေစီရရင် လုံလောက်နေပြီဆိုတဲ့အမြင်အယူအဆ ရှိနေခဲ့ပါသေးတယ်။ မြန်မာ့နွေဦးတော်လှန်ရေးရောက်မှသာလျှင် ဖက်ဒရယ်နဲ့ ဒီမိုကရေစီဟာ ထပ်တူပေါင်းစည်းလာနိုင်တဲ့ နိုင်ငံရေးလိုလားချက်အဖြစ်ရောက်ရှိလာပါတယ်။

တကယ်တော့ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ဆိုတာ ရန်ဘက်တွေ မဟုတ်ပါဘူး။ မိတ်ဖက်တွေ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတိုင်းက ဖက်ဒရယ် မဟုတ်ပေမယ့်၊ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းကတော့ ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်တာကို တွေ့ရပါတယ်။ ပိုပြီး ထူးခြားတာက ဖက်ဒရယ်စနစ်မှန်ရင် ရေးသားပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တိတိကျကျ ရှိထားရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံရေးတန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံချက်ရှိရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေ / ကျင့်ထုံးတွေ အပြည့်အဝ ပါရှိပါတယ်။ တကယ်တော့ ဖက်ဒရယ်ဆိုတာ ဒီမိုကရေစီကျင့်ထုံး မူဘောင်တွေနဲ့ အတူ ယှဉ်တွဲ တည်ဆောက်ရတဲ့ နိုင်ငံရေးစနစ် တစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျား။

အယ်ဒီတာ

Delta News Agency

၂၀ – ဇန်နဝါရီ – ၂၀၂၃