ဆားလင်းကြီးမြို့အနီးမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အရှေ့ဘက် မြို့စွန်က ဆားထုံးကြီးကျေးရွာကို စစ်တပ်က ဒီကနေ့ ဇန်နဝါရီ (၁၆)ရက် နေ့လယ်ပိုင်းမှာ Mi-35တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ပစ်ခတ်သွားတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးအင်အားစုတွေကဆီကသိရပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်က အင်အားဖြည့်တာတွေလုပ်ခဲ့အ ပြီး ဒီကနေ့မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ရာက စစ်တပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့တာလို့ ဆားလင်းကြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့က DNA ကိုပြောပါတယ်။

‘’တိုက်ပွဲက ရွာမှာဖြစ်တာလည်းမဟုတ်ဘူး၊အခုလေ ကြောင်းကတော့ ရွာဘက်ကိုပစ်နေတာ ထိခိုက်မှုတော့မသိရသေးဘူး၊ ရွာဘက်နဲ့ စစ်ရှောင်အများစုရှိတဲ့ဘက်ဆိုတော့ စိုးရိမ်နေရတယ်၊မြေပြင်အနေ အထားကလည်း မြေပြန့်ဖြစ်သလို စစ်တိုက်လို့ကောင်းတဲ့နေရာလည်းမဟုတ်ဘူး၊ဆားလင်းကြီးက အဲဒီလောက်သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးစရာတောင်မလိုတဲ့နေရာကိုအခုလိုလုပ်နေတာ ဆားလင်းကြီးကိုအပြောင်ရှင်းနေတယ်လို့ ယူဆလို့ရတယ်’’ လို့ ဆားလင်းကြီးပကဖ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမိုးကောင်းက ပြောပါတယ်။

ဆားထုံးကျေးရွာဟာ ဆားလင်းကြီးမြို့လယ်နဲ့ လေးမိုင်လောက်သာဝေးတဲ့ မြို့မြောက်ဘက်အစွန် ချင်းတွင်းမြစ်ကမ်းဘေးနားကရွာဖြစ်ပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်း နယ်မြေရှိတဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီက အခုနှစ်ဆန်းပိုင်းအတွင်း နေ့စဉ် စစ်ကြောင်းထိုးတာ၊ရွာမီးရှို့တာတွေဆက်တိုက်လုပ်နေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကိုပါ လုပ်လာတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်း ဇန်နဝါရီ (၁၂)ရက်ကလည်း ဆားလင်းကြီးမြို့နယ်ထဲက ဖောင်းကတာနဲ့ကိုင်းကျေး ရွာတွေကို မီးရှို့နေတဲ့စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိပ်တိုက်တွေ့ပြီး အနီးကပ်တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။

စစ်ကောင်စီက ကျေးရွာတွေထဲ စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဆားလင်းကြီးမြို့နယ်ဒေသခံ သောင်းဂဏန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။