စစ်အုပ်စုအန္တရာယ် စိုးရိမ်ရတာကြောင့် ဆားလင်းကြီးမြို့ပေါ်ဒေသခံတွေ အမြန်ဆုံးတိမ်းရှောင်ကြဖို့ သတိပေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး ဆားလင်းကြီးမြို့ပေါ်ကိုလည်း ရောက်ရှိလာနိုင်တာကြောင့် မြို့ပေါ်ကနေ အမြန်းဆုံးတိမ်းရှောင်ကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီနောက်မှာတော့ မြို့ခံအချို့ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ “ကျွန်တော်တို့လည်း အခုတိမ်းရှောင်ဖို့ ပြင်ဆင်နေပါပြီ။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်တပ်ဟာ ဖောင်းကတာကျေးရွာ ၊ ထန်းပုကျေးရွာနဲ့ ထန်ဇင်ဝန်းကျင် ကျေးရွာတွေကို ရောက်ရှိနေပြီလို့လည်း ဆိုထားပါတယ်။
ဆားလင်းကြီးမြို့ဟာ ဖောင်းကာတာရွာနဲ့ နှစ်မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖောင်းကတာရွာကို ဇွန် ၂၅ရက်က ဝင်ရောက်ခဲ့ပြီး ဒေသခံ ၁၅ဦးဖမ်းဆီးကာ အဲ့ဒီထဲက ဒေသခံနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီနောက်မှာတော့ အကြမ်းစစ်တပ်က ဖောင်းကာတာရွာနေအိမ်တွေက ပစ္စည်းတွေကိုယူဆောင်ပြီး ရွာကိုတော့ ဒီကနေ့ ဇွန် ၂၆ရက် မနက် ၄နာရီမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဆားလင်းကြီးမြို့ ၊ လက်ပံတောင်တောင်ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ရွာတွေကို ဇွန် ၂၀ရက် လောက်ကတည်းက ဝင်ရောက်အကြမ်းဖက်နေခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ အင်အား ၁၀၀ခန့်နဲ့ တုံရွာမ ၊ တုံ တောကျောင်းကျေးရွာ၊ဖောင်းကတာစက်တွင်းကြီးကျေးရွာ၊ဖောင်းကတာလက်ခုပ်ပင်ကျေးရွာနဲ့ ဖောင်းကတာမြောက်ကျေးရွာနဲ့ဆည်တဲ၊ လယ်တီ၊ ဝက်မှေး၊ မိုးကြိုးပြင်ရွာတွေကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးတာ၊ဒေသခံကျေးရွာသားတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။