အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း ငါးသောင်းနီးပါးရှိလာ

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးအတွင်း အာဏာသိမ်းစစ်တပ်က နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် ပေါင်း ငါးသောင်းနီးပါး(၄၈၄၆၃)အထိ ရှိလာတယ်လို့ သုတေသနအချက်အလက်တွေထုတ်ပြန်နေတဲ့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအချက်အလက်တွေအရ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဒီဇင်ဘာလကုန်အထိ နိုင်ငံတဝန်းက နေ အိမ်ပေါင်းငါးသောင်းနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။Data For Myanmar အဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းအပြီး ပထမနှစ်ဖြစ်တဲ့ ၂၀၂၁နှစ်ကုန်အထိ စစ်တပ်က အိမ်ခြေတထောင်နီးပါးကို မီးရှို့ခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုတွေ ကျယ်ပြန့်အားကောင်းလာတဲ့ ပြီးခဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ စစ် တပ် က နေအိမ်တွေမီးရှို့ဖျက်ဆီးမှုနှုန်းသိသိသာသာမြင့်တက်လာပြီး ငါးသောင်းနီးပါးအထိ ရှိလာတာပါ။

အာဏာသိမ်းစစ်အုပ်စုဟာ စစ်ကိုင်းတိုင်းက နေအိမ်သုံးသောင်းခွဲကျော်(၃၆၆၆၇)အထိ အများဆုံးမီးရှို့ဖျက်ဆီးခဲ့ ပြီး မကွေးတိုင်းကတော့ နေအိမ် (၈၅၀၀)ကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

ချင်းပြည်နယ်မှာလည်း နေအိမ်(၁၅၀၀)ဝန်းကျင် မီးရှို့ဖျက်ဆီးထားကာ တတိယအများဆုံးဖြစ်ပြီး ကချင်နဲ့ က ယားတို့က နေအိမ် လေးရာကျော်စီလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ Data For Myanmar ရဲ့ အချက်အလက် တွေ ကဖော်ပြပါတယ်။ 

အာဏာသိမ်းပြီးနောက် တိုင်းနဲ့ပြည်နယ်(၁၄)ခုလုံးမှာ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုမရှိတဲ့ ဒေသ မရှိပါဘူး။လအလိုက် မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ စစ်တပ်က နေအိမ်ပေါင်း (၁၅၀၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် မေလနဲ့ ဇွန်လတွေအတွင်းမှာလည်း နေအိမ်တသောင်းကျော်ကို မီးရှို့ခဲ့ပြီး အဲ့ဒီလေးလဟာ အာဏာသိမ်းကာလအတွင်း နေအိမ်မီးရှို့ခံရမှုနှုန်းအမြင့်ဆုံးလတွေအဖြစ် မှတ်တမ်းဝင်နေပါတယ်။ အဲ့ဒီလတွေ အတွင်းမှာပဲ စစ်ကိုင်းတိုင်းက အိမ်ခြေနှစ်သောင်းလောက်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

နယ်မြေဧရိယာကျယ်ပြန့်သလို လက်နက်ကိုင်တော်လှန်ရေးတိုက်ခိုက်နေတဲ့ အဖွဲ့တွေလည်း များပြားတဲ့ စစ် ကိုင်း တိုင်းအတွင်း စစ်တပ်က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ နေ့စဉ်နီးပါးစစ်ကြောင်းထိုးတာ၊မီးရှို့တာတွေ လုပ် နေ တာ ဖြစ်ပြီး လက်ရှိမှာလည်း အလားတူ စစ်ကြောင်းထိုး မီးရှို့တာတွေဆက်လုပ်နေဆဲပါ။

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အခြေစိုက် ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့ကတော့ အဲ့ဒီမြို့နယ်အတွင်း စစ် ကောင်စီက နေအိမ် ငါးထောင်နီးပါးမီးရှို့ဖျက်ဆီးထားပြီး တနိုင်ငံလုံးမှာ အများဆုံးအရေအတွက်ဖြစ်တယ်လို့ ပြောထားပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ပါဝင်တဲ့ Data For Myanmar အဖွဲ့ရဲ့ အချက်အလက်တွေအရလည်း ဒီပဲယင်းက နေ အိမ် (၄၅၀၀)နီးပါး မီးရှို့ဖျက်ဆီးခံရကာ တနိုင်ငံလုံးမှာ အများဆုံးဖြစ်နေပါတယ်။

လက်ရှိရက်ပိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲက ရေဦး၊ဒီပဲယင်း၊ဆားလင်းကြီး၊ ကန့်ဘလူ၊ကောလင်း၊ကျွန်းလှ စတဲ့မြို့နယ်တွေမှာ စစ်ကြောင်းထိုးတာ၊နေအိမ်မီးရှို့တာတွေဆက်လုပ်နေပြီး ရေဦးမြို့နယ်၊ချမ်းသာရွာက နှစ်ပေါင်း(၁၃၀)ဝန်းကျင်သက်တမ်းရှိ ခရစ္စယာန်ဘုရားကျောင်းကိုပါ ဖျက်ဆီး ခဲ့ ပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုး မီးရှို့တာ၊တိုက်ပွဲဖြစ်နေတာတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း လူဦးရေသိန်းနဲ့ချီ စစ် ဘေးရှောင်နေရပြီး စစ်ကိုင်းတိုင်းကလူဦးရေရဲ့ (၁၅)ရာခိုင်နှုန်းလောက် စစ်ရှောင်တွေဖြစ်နေကြတယ်လို့ ISP-Myanmar ရဲ့ စစ်တမ်းတွေမှာလည်း ဖော်ပြထားပါတယ်။