မတူပီမြို့အနီးတိုက်ပွဲဖြစ်ပြီးCDFတပ်ဖွဲ့ဝင်တဦး အဆက်အသွယ်ပြတ်နေ

ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက မတူပီ-ဟားခါးလမ်းပေါ်မှာရှိတဲ့ ငလိုင်ရွာ အနီးမှာ စစ်ကောင်စီနဲ့ CDF မတူပီတို့ ဇန်နဝါရီ(၁၅)ရက်မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေးဆက်လက်တင်းမာနေတယ်လို့ CDF မတူပီ ပြန်ကြာရေး တာဝန်ခံက DNA ကိုပြောပါတယ်။
 
စစ်ကောင်စီက အင်အားတရာဝန်းကျင်နဲ့ ငလိုင်ရွာ အနီးက CDF မတူပီစခန်းတခုကို စီးနင်းဖို့ လာတာကြောင့်ထိ တွေ့တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲအပြီး စစ်ကောင်စီဘက်က တဦးသေသလို CDFမတူပီ တပ်ဖွဲ့ဝင်တဦးလည်း အဆက်အသွယ်ပြတ်ပြီးပျောက်ဆုံးနေတယ်လို့ CDF မတူပီက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
 
“ရှေ့တန်းကင်းကိုပဲ၀င်စီးတာပါ၊စခန်းကို၀င်စီးတာထိတော့မဖြစ်ပါဘူး၊ စခတွေနေတဲ့နေရာနဲ့ ရှေ့တန်းကင်း နဲ့က နီးနီးလေးဆိုတော့ သူတို့အင်အားအလုံးရင်းနဲ့၀င်ရောက်လာလို့ အခုလိုဖြစ်သွားတာပါ၊ လက်နက်ကြီးတွေ လည်း တောက်လျှောက်ပစ်နေကြတယ်”လို့ CDF မတူပီ ပြန်ကြားရေးတာ၀န်ခံ ကပြောပါတယ်။
မနေ့ကမနက်ပိုင်းနှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကောင်စီက ငလိုင်ရွာထဲ ခြေကုပ်ယူထားပြီး လက် နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေလုပ်နေပြီး မတူပီ-ဟားခါးလမ်းပေါ်မှာ အချိန်မရွေးတိုက်ပွဲဆက်ဖြစ်မယ့် အ ခြေအနေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။
 
မတူပီ-ဟားခါးလမ်းပေါ်က ငလိုင်ရွာဟာ မတူပီမြို့မြောက်ဘက် ဆယ်မိုင်ဝန်းကျင်အကွာမှာရှိပြီး လူဦးရေခြောက် ရာလောက်နေထိုင်တဲ့ရွာဖြစ်ပါတယ်။အာဏာသိမ်းပြီးနောက် အဲ့ဒီရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေမကြာ မကြာ ဖြစ်လေ့ရှိပြီး နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့တာကတော့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလကုန်ပိုင်းကပါ။
 
စစ်ကောင်စီက စစ်ကြောင်းထိုးလာတာ၊နှစ်ဘက် တိုက်ပွဲတွေဖြစ်လာတာ စတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရှိ လာ ချိန်မှာ ငလိုင်ကျေးရွာနဲ့ အနီးဝန်းကျင်က ဒေသခံ(၁၅၀၀)ဝန်းကျင် စစ်ဘေးတိမ်းရှောင်ရလေ့ရှိပါတယ်။ မနေ့က တိုက်ပွဲကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ရတာ ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။