စစ်ကောင်စီရဲ့ ဖိနှိပ်ပိတ်ဆို့မှုတွေကြောင့် ထားဝယ်မြို့အနီးကကျေးရွာတွေမှာ အလုပ်အကိုင်တွေခက်ခဲလာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးတဝိုက်ကကျေးရွာတွေမှာစစ်ကောင်စီကပိတ်ဆို့စစ်ကြောင်းထိုးစစ်ဆေးနေတွေကြောင့် ဒေသခံတွေအလုပ်အကိုင်တွေ ကျပ်တည်းခက်ခဲလာတယ်လို့ဆိုကြပါတယ်။

ထားဝယ်မြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက မြို့တွင်းမြို့ပြင်မှာလုံခြုံရေးတင်းကျပ်ထားတာတွေအပြင် အကြောင်းမဲ့ပစ်ခတ်တာတွေ၊ ဖိအားပေးငွေကောက်ခံတာတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

‘’ အလုပ်အကိုင်ကျပ်တည်းက မြို့ထဲမှာဆိုလည်း ဂိတ်တွေရှိတယ်လေ၊ သွားရလာရအဆင်မပြေဘူး။ အလုပ်သွားမယ်ဆိုလည်း ဂိတ်တွေဖြတ်ရမှာဆိုတော့မသွားရဲဘူး။ သူတို့ကမထင်ရင်မထင်သလိုပစ်တာလေ။ နေ့စားလုပ်တဲ့လူတွေဆိုလည်း သူတို့သွားမယ့်လမ်းမှာ ဂိတ်တွေရှိရင်မသွားရဲတော့ဘူး’’ လို့ မြို့ခံတဦးကDNA ကိုပြောပြပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်တွေက ထားဝယ်မြို့တဝိုက်မှာဂိတ်တွေချပြီး ဆန်သယ်ယူတာတွေ ၊ အနွေးထည်နဲ့ ရိက္ခာခြောက်သယ်ယူတာတွေကို ပိတ်ပင်တာတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် စစ်‌‌ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်ကူညီပေးနေသူတွေမှာ အခက်အခဲတွေကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

 စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှု (၃၃၅) ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၁၂၈) ဦးအထိရှိလာတယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့  Sourthern Monitor ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့  ဇန်နဝါရီလ ၁၄ရက်နေ့မှာလည်း ထားဝယ်-ထီးခီးလမ်းပိုင်းမှာရှိတဲ့ ပကာရီကျေးရွာထဲမှာ ဆိုင်ကယ်စီးသွားနေတဲ့ အမျိုးသား၂ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူငယ်တဦး ဝမ်းဗိုက်နဲ့ ခြေထောက်ကို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပကာရီရဲစခန်းဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။