ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေအားလုံးအတွက် ဒီနေ့အပြီးသတ်အမိန့်ချမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီးနောက်စွဲဆိုထားတဲ့ အမှုပေါင်း ၁၉မှု ထဲက နောက်ဆုံးအမှုတွေဖြစ်တဲ့ အဂတိအမှုငါးမှုကိုဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်အမိန့်ချ မှတ်မှာဖြစ်တယ်လို့ တရားရေးနဲ့နီးစပ်သူတွေကပြောပါတယ်။

 

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူအောင်လှုံ့ဆော်မှု၊ ဆက်သွယ်ရေးစက်တွေ့ရှိမှု၊ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု(သဘာဝဘေးစီမံမှုပုဒ်မ)၊ နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှု၊ အဂတိမှု စတာတွေနဲ့တရားစွဲဆိုထားပါတယ်။

 

ဒီကနေ့အပြီးးသတ် ဆုံးဖြတ်ချက်ချမယ့် အဂတိအမှုငါးမှုကတော့ NLD အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်ဝယ်ယူတာနဲ့ပတ်သက်တဲ့ အမှုတွေဖြစ်ပါတယ်။

 

ဒီအမှုတွေနဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေတဦးဖြစ်တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်တီးယူကထွက်ဆိုထားပါတယ်။

 

စစ်ကောင်စီဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူအောင်လှုံဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်သွယ်ရေးအမှုအတွက်ထောင် ၂နှစ်စီ၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုအတွက် ၄နှစ်၊ နေပြည်တော်အိမ်မှာ စကားပြောစက်တွေတွေ့ရှိတယ်ဆိုတဲ့ စွဲချက်နဲ့ ၄နှစ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး မြေ ကွက်ဝယ်ယူတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ၆နှစ် အသီးသီးချမှတ်ထားပါတယ်။

 

ဒါ့အပြင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်အတွက်စွဲတဲ့အ မှုနဲ့ ၅နှစ်၊ စီးပွားရေးလုပ်ငန်းရှင် မောင် ဝိတ်နဲ့ပတ် သက်တဲ့ စွပ်စွဲချက်အတွက် ၃နှစ်၊နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင် ၃နှစ်၊ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ အမှုနဲ့ ထောင်သုံးနှစ် စုစုပေါင်း ထောင် ၂၈နှစ် အထိ စစ်အုပ်စုတရားရုံးတွေက စွပ်စွဲချမှတ်ထားပြီး အဲ့ဒီအထဲက နှစ်နှစ်ကို ပြန်လည်ဖြေလျှော့ ပေးထားပါတယ်။

 

အသက် ၇၈နှစ်ရှိပြီးတဲ့ ဒေါ်‌အောင်ဆန်းစုကြည်ကို  အမှုတွေအားလုံးအတွက် အမိန့်ချပြီးရင် အကျဉ်းထောင်မှာဆက်ထားမလား၊ နေအိမ်အကျယ်ချုပ်ကိုပြန်ပို့မလားဆိုတဲ့  ဆုံးဖြတ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တုံ့ပြန်ချက်ပေါ်မှုတည်တယ်လို့ စစ်ကောင်စီနဲ့ ကုလအထူးသံ မစ္စနိုလင်းဟေဇာတို့ သြဂုတ်လမှာတွေ့ဆုံချိန်ကစစ်ကောင်စီဘက်ကပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့အပြီးသတ်အမိန့်ချမယ့် အမှုတွေကိုလည်း DNA ကဆက်ပြီးဖော်ပြပေးသွားပါမယ်။