ကနီနယ်က စစ်ရှောင်တွေ ဆေးဝါးပြတ်လပ်နေ

ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ကနီမြို့နယ်အတွင်း အဲ့ဒီမြစ်ထဲမှာ သောင်တင်ပြီး တပ်ချထားလို့ ရက်ရှည်တိမ်းရှောင်နေရတဲ့ ဒေသခံတွေ ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကနီဒေသခံတဦးက ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးလာမယ်ဆိုတာကြောင့် အခုလ (၁၇) ရက်ကတည်းက ကနီမြို့နယ် ချင်းတွင်းမြစ်ဘေး (၂၅) ရွာက ဒေသခံသောင်းချီ တိမ်းရှောင်နေကြရတာပါ။ စစ်ကြောင်းဟာ ကနီမြို့နယ်အနီး မြစ်ထဲမှာ သောင်တင်ပြီး တပ်ချထားလို့ လက်ရှိအချိန်အထိ ဒေသခံတွေ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

“ရက်ကြာလာတာနဲ့အမျှ အခက်အခဲတွေက များလာတယ်၊ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ၊ ဖျားကြတယ် နာကြတယ်၊ သောက်စရာဆေးကလည်း ပါရာစီတမော့ကစမရှိဘူး” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

ကနီနယ်ကိုပို့မယ့် ဆေးဝါးတွေကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးသိမ်းဆည်းတာတွေလုပ်လို့ အခုလို ဆေးဝါးပြတ်တောက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ရေကြောင်းအတိုင်း စစ်ကြောင်းထိုးလာချိန်ဟာ ချင်းတွင်းမြစ်ရေ နည်းပါးချိန်ဖြစ်လို့ သောင်တင်နေတာဖြစ်ပြီး ဘယ်အချိန်ပြန်ထွက်မယ်ဆိုတာ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ထဲ သောင်တင်နေတဲ့ စစ်တပ်ကို ဒေသကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက် တာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေသလို သင်္ဘောတွေသောင်တင်နေတဲ့ စစ်တပ်က မြစ်ကြောင်းအနီးရွာတွေထဲ ဝင်ရောက်တပ်စွဲနေထိုင်တာလည်း ရှိပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကနီမြို့တောင်ဘက်က မုဌောရွာမှာလည်း တပ်စွဲထားပြီး ဒီဇင်ဘာ (၂၈) ရက် မနေ့က မနက်ပိုင်းနဲ့ညပိုင်းမှာ ဒေသကာကွယ်ရေးတွေက အဲ့ဒီရွာကို သွားရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပစ်ခတ်မှုတွေဖြစ်ပြီးနောက် မုဌောရွာထဲ တပ်စွဲထားတဲ့ စစ်တပ်က အဲ့ဒီရွာထဲက နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

“ မနက်ပိုင်းဝင်ပစ်တာမှာ ကာကွယ်ရေးတပ်ဘက်က သုံးယောက်ဒဏ်ရာရတယ်၊ အဲ့ဒီမနက်ပိုင်းမှာပဲ ရွာကနေအိမ်တွေကို မီးရှို့တာ၊ ညနေပိုင်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က တော်တော်များများကို ထိခိုက်မှုရှိတယ်ဗျ” လို့ ကနီဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။