လောင်းလုံးမှာ တပ်ကြပ်ကြီး တဦးနဲ့ ပျူစောထီးဆိုသူ နှစ်ဦးတရက်တည်း ပစ်ခတ်ခံရပြီးနှစ်ဦးသေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်တပ်ကတပ်ကြပ်ကြီးတဦးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေလို့ဆိုတဲ့ အမျိုးသားနှစ်ဦး ဒီဇင်ဘာ (၂၈)ရက်မှာ တရက်တည်း ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးတယ်လို့  လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-LLPDF နဲ့ ဒေသခံတွေဆီက သိရပါတယ်။

လောင်းလုံးမြို့က ပျူစောထီးတွေလို့ဆိုတဲ့ ဦးစိုးသိန်းနဲ့သားမက်ဖြစ်သူ ဦးနိုင်ဦးတို့ဟာ အဲ့ဒီမြို့က နေအိမ်မှာပဲ မနေ့က ပစ်ခတ်ခံရတာဖြစ်ပြီး ပျူခေါင်းဆောင်ဆိုသူ ဦးစိုးသိန်း(ခ)သက်ရှည်က သေဆုံးခဲ့ပြီး သားမက်ဖြစ် သူကတော့ ဆေးရုံမှာ  ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကားနဲ့ဆိုင်ကယ်နဲ့လားတော့မပြောတတ်ဘူး၊အိမ်ထဲဝင်ပြီးပစ်သွားတာ”လို့ လောင်းလုံးမြို့ခံတဦးက DNA ကို ပြောပါတယ်။

ဦးစိုးသိန်း(ခ) သက်ရှည် ဆိုသူနဲ့ ဦးနိုင်ဦးတို့ဟာ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်သူတွေဖြစ်သလို သားမက်ဖြစ်သူက စစ်တပ်ကပေးတဲ့ စစ်သင်တန်းတက်ထားပြီး ဦးစိုးသိန်းကလည်း လတ်တလော စစ်သင်တန်းပေးဖို့ စီစဉ်နေသူ ဖြစ်တယ်လို့ လောင်းလုံးမြို့ခံကပြောပါတယ်။

“သူတို့က ပိုက်ဆံနည်းနည်းရှိတယ်၊စစ်ကောင်စီအဖွဲ့ဝင်တွေလည်း အိမ်ကိုအဝင်အထွက်ရှိလို့ အခုလို ဖြစ်သွားတာ”လို့ သူကဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်စစ်ကောင်စီတပ်တွေရောက်လာပြီး သေဆုံးရုပ်အလောင်းနဲ့ ဒဏ်ရာရထားတဲ့ ဦးနိုင်ဦးတို့ ကို သယ်ဆောင်သွားတဲ့ အပြင်ဦးစိုးသိန်းရဲ့သမီးဖြစ်သူ အေးလဲ့ထွေးကိုလည်း ခေါ်သွားတယ်လို့ ဒေသခံတွေက​ ဆိုပေမယ့် DNA သတင်းဌာနအနေနဲ့ ဒီအခြေအနေအပေါ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

နေအိမ်အတွင်း ပစ်ခတ်မှုဖြစ်ချိန်မှာ ဦးစိုးသိန်းရဲ့သမီးဖြစ်သူ အေးလဲ့ထွေး(ခ)မီးကန်းဟာ နေအိမ်မှာ ရှိမနေဘူးလို့ လောင်းလုံးမြို့ခံကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကို လုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က တော့ သေဆုံးသူ ဦးစိုးသိန်းဟာ ပျူစောထီးခေါင်းဆောင်တဦးဖြစ်သလို သမက်ဖြစ်သူ နိုင်ဦးကလည်း ပျူစောထီး စစ်သင်တန်းဆင်းတဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူဖြစ်တယ်လို့ဆိုပါတယ်။

 ဦးစိုးသိန်းရဲ့ သမီးဖြစ်သူ အေးလဲ့ထွေး(ခ) မီးကန်းကလည်း ငွေကြေးနဲ့ ပျူစောထီးအဖွဲ့ဝင် စုစောင်းတာ၊ စစ်တပ်ဆန့်ကျင်သူတွေကို သတင်းပေး ဖမ်းဆီးစေတာတွေလုပ်တာကြောင့် အကြိမ်ကြိမ်စောင့်ကြည့်ပြီးမှ အဲ့ဒီနေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ LLPDF ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင်  စစ်ကောင်စီတပ်က တပ်ကြပ်ကြီးပြုံးချိုကိုလည်း မနေ့ကပဲ လောင်းလုံးမြို့နယ်၊ လောင်းလုံး -ကျောက်နီ မော် လမ်းပိုင်းတစ်နေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ပစ်ခတ်မှုကြောင့် သေဆုံး သွားတဲ့ တပ်ကြပ်ကြီး ပြုံးချီဆီက စစ်ယူနီဖောင်းအပါအဝင် အသုံးအဆောင်တချို့နဲ့ငွေကျပ် နှစ်သောင်း ကျော်ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

“အကြိမ်ကြိမ်စောင့်ကြည့်ပြီး ရှင်းလိုက်တာပါ၊ပျူခေါင်းဆောင်၊ ပျူအဖွဲ့တိုးအောင်စည်းရုံးသူ၊သမီးနဲ့သမက်ဖြစ်သူက အခုလက်ရှိ ပျူသင်တန်းဆရာပါ၊အဲနေ့မှာပဲ  တပ်ကြပ်ကြီးတစ်ဦးနဲ့ လမ်းမှာ ကင်းစောင့်ရင်းတိုးလို့ ရှင်းလိုက်တာ “လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDFက တာဝန်ရှိသူ တဦးက DNA ကို ပြောပါတယ်