အာရှလမ်းပိတ်နေလို့ မြဝတီကတဆင့် ထိုင်းကိုသွား မယ့် MOU လုပ်သားတွေအခက်တွေ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲ ဖြစ်နေပြီး အာရှလမ်းပိတ်ထားရတာကြောင့် မြဝတီမြို့ကနေ တဆင့် ထိုင်းကိုသွားရမယ့်  MoU အလုပ်သမားတွေ အခက်တွေ့နေပြီး လတ်တလော သွားမရဖြစ်နေကြတယ်လို့ အလုပ်သမားတွေနဲ့ MoU အလုပ်သမားအရေး ကူညီ ပေးနေသူတွေကပြောပါတယ်။

“အိမ်ပြန်ရုံပဲ၊ လမ်းဖွင့်မှပြန်လွှတ်မှာပါ၊ စေလွှတ်စာရင်း ထဲမှာကိုက မြဝတီနဲ့လွှတ်တာပါ၊ ကော့သောင်းနဲ့လွှတ်ရင် လေယာဉ်နဲ့သွားလို့ရပါတယ်၊လေယာဉ်ခကလေးတွေထပ်ပေးရပါတယ်၊အလည(အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန) က ကော့သောင်းကနေ စေလွှတ်ခွင့်ပြုမှပါ” လို့ MoU အလုပ်သမားအရေးဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ အခုလ ၁၆ရက် ကတည်းကစဖြစ်နေတဲ့တိုက်ပွဲဟာဆယ်ရက်ကျော်ကြာတဲ့ထိဆက်လက်ပြင်းထန်နေတာကြောင့် ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးလည်း ပိတ်ထားရပြီး MoU နဲ့ ထိုင်းကို သွားရောက်အလုပ်လုပ်ကိုင်မယ့်အလုပ်သမားတွေကလည်းလမ်းကနေလှည့်ပြန်တာတွေလုပ်နေရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသွားရောက်မယ့် အလုပ်သမားစေလွှတ်ခွင့်ကို အေဂျင်စီတွေကနေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကိုစပြီးတင်ပြရကတည်းက ကော့သောင်းနဲ့ မြဝတီနှစ်နေရာခွဲတင်ပြရပြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနကစေလွှတ်ခွင့်ရက်သတ်မှတ်ပေးမှတင်တဲ့ နေရာကနေ စေလွှတ်ရတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကိုသွားရောက်မယ့်MoU အလုပ်သမားတွေဟာ ရန်ကုန်ကနေနိုင်ငံကူးလက်မှတ်လုပ်ပြီး လာရောက်ကြရတာကြောင့်ကော့ကရိတ်ရောက်ပြီးမှလှည့်ပြန်ရ သူတွေရှိသလိုရန်ကုန်ကားဂိတ်ကနေပဲလှည့်ပြန်ရသူတွေလည်း ရှိတယ်လို့ MoU အလုပ်သမားတဦးက ပြောပြပါတယ်။

“အေးဂျင့်တွေက ဘယ်နေ့ဘယ်ရက်ထွက်မယ်ပြောတော့ ဪသူတို့ပိုင်လို့ပဲပေါ့ကိုယ်တွေကလည်း၊ကားဂိတ် အထိရောက်လာပြီးမှအထုပ်တွေအပိုးတွေနဲ့စားစရာ အကြော်အလှော်တွေနဲ့မသွားရသေးဘူးဆိုတော့ နယ်ကလာတဲ့သူတွေကတော့ ဒုက္ခ ရောက်တာ နည်းနည်းရှိတာပေါ့” လို့ ထိုင်းနိုင်ငံသွားရောက်အလုပ်လုပ်ကိုင်မယ့် MoU အလုပ်သမားတဦးက ပြောပြပါတယ်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမှာကလည်း မနေ့က ဒီဇင်ဘာ၂၈ရက်နေ့ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတောင်ပေါ်လမ်းကိုပိတ်ထားရဆဲဖြစ်တာကြောင့် MoU အလုပ်သမားတွေအပြင်လမ်းကိုအသုံးပြုနေကြတဲ့ ခရီး သွားပြည်သူတွေ၊ ကုန်သည်တွေနဲ့ ကုန်ပစ္စည်းတချို့ပါ ပိတ်မိနေတဲ့အခြေအနေလည်းဖြစ်ပါတယ်။

လမ်းအသုံးပြုသူတချို့ကတော့အာရှလမ်းကိုရှောင်သွားလို့ရတဲ့မြဝတီ-ထို့ကော်ကိုး-ကျုံဒိုးလမ်းပိုင်းကနေ ဖြတ်သန်းသွားလာနေကြပေမယ့်လည်း အဲ့ဒီလမ်းပိုင်းကိုအသုံးပြုဖို့အတွက်ကိုလမ်းမှာရှိတဲ့ဂိတ်တွေကနေငွေကြေး တောင်းခံတာတွေရှိနေတာကြောင့်မဖြစ်မနေသွားရမယ့်သူတွေကလွဲလို့အများစုကအဲ့ဒီလမ်းပိုင်းကို မသုံးကြဘူး လို့လည်းသိရပါတယ်။