ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး အလီဒါရီရဲ့ မိသားစုကို ပြည်ပထွက်ခွာခွင့် အီရန်ပိတ်ပင်

နိုင်ငံရဲ့ ဘောလုံးသမိုင်းမှာ ခြွင်းချက်မရှိ အကျော်ကြားဆုံး ဂန္ထဝင် ကြယ်ပွင့်ဟောင်းကြီးရဲ့ မိသားစုတွေကို ပြည်တွင်းက ထွက်ခွာခွင့် မပေးဘဲ အီရန် အာဏာပိုင်တွေက ပိတ်ပင်ထားကြောင်း သိရပါတယ်။

 

အသက် ၅၃ နှစ် ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟောင်းကြီး အလီ ဒါရီဟာ အီရန်မှာ ဖြစ်ပွားနေတဲ့ အစိုးရ ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး ဆန္ဒပြမှုတွေကို အတိအလင်း ထောက်ခံ ရပ်တည်နေသူ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာတော့ သူ့ရဲ့ ဇနီးနဲ့ သမီးတို့ဟာ တဟီရန် မြို့တော်ကနေ ထွက်ခွာဖို့ ကြိုးစားပေမယ့် တားဆီး ခံခဲ့ရကြောင်း ဒါရီက ထုတ်ပြောခဲ့ပါတယ်။

 

မူလက ဒါရီရဲ့ မိသားစု လိုက်ပါလာတဲ့ လေယာဉ်ဟာ တဟီရန်ကနေ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ဆီ ဦးတည် ပျံသန်းခဲ့ပေမယ့် အီရန် အာဏာပိုင်တွေက ဆက်သွယ် တားဆီးမှုကြောင့် ပင်လယ်ကွေ့ထဲက အီရန်ပိုင် ကျွန်းတစ်ကျွန်းဆီ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ပါတယ်။ အဲဒီနောက် ဒါရီရဲ့ မိသားစုကို ချန်လှပ်ထားခဲ့ပြီးမှ ဆက်လက် ပျံသန်း ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

 

မူလက သူ့မိသားစုဟာ ဒူဘိုင်းမှာ သူနဲ့အတူ အားလပ်ရက် အပန်းဖြေ ခရီးအတွက် လာရောက် ပူးပေါင်းဖို့ စီစဉ်ထားတာလို့ ဒါရီက ပြောပါတယ်။ ဒါရီရဲ့ မိသားစုကို ပြည်ပ ထွက်ခွာခွင့် ပိတ်လိုက်တာနဲ့ ပတ်သက်လို့ အီရန် အာဏာပိုင်တွေကတော့ ဘာဖြေရှင်းချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့ သူ့ရဲ့ သဘောထားနဲ့ ဆက်နွှယ်မှု ရှိနိုင်တယ်လို့ ဒါရီက ပြောပါတယ်။

 

အီရန်မှာ ဘာသာရေးရဲတွေရဲ့ အကြမ်းဖက် ဖမ်းဆီးမှုကြောင့် အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ အခုဆိုရင် ရက်ပေါင်း ၁၀၀ ကျော်လာပြီ ဖြစ်ပါတယ်။ ဒီအတောအတွင်း အီရန် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကြမ်းတမ်း ရက်စက်တဲ့ နှိမ်နင်းမှုတွေကြောင့် ကလေး ၆၉ ဦး အပါအဝင် ဆန္ဒပြသူ ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

 

ဒါရီဟာ အီရန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဖြစ်ခဲ့သလို လက်ရွေးစင် သွင်းဂိုးပေါင်း ၁၀၉ ဂိုးထိ ရရှိခဲ့ပြီး ကမ္ဘာပေါ်မှာ လက်ရွေးစင် သွင်းဂိုးအများဆုံး စံချိန်ရှင်အဖြစ် နှစ်ပေါင်းအတော်ကြာ ရပ်တည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာတော့ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဒါရီရဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။