ကလေးမြို့က Non-CDM လက်ထောက်ဆေးရုံအုပ်နဲ့ လူငယ်လေးဦးကို စစ်တပ်က ဖမ်းဆီး

ကလေးမြို့၊ မင်္ဂလာဥယျာဥ်ရပ်ကွက်၊ မိုးလေဝသရုံးအနီးမှာ ဆေးခန်းဖွင့်ထားတဲ့ ကလေးမြို့ပြည်သူ့ဆေးရုံ လက်ထောက်ဆေးရုံအုပ် ဒေါက်တာမြင့်မိုရ်ကျော်နဲ့ အဲ့ဒီရပ်ကွက်က လူငယ်လေးဦးကို စစ်ကောင်စီက ဒီဇင်ဘာ (၂၅) ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
အာဏာသိမ်းကာလ CDM လှုပ်ရှားမှုမှာမပါဝင်ခဲ့ဘဲ လက်ရှိအထိ တာဝန်ဆက်ထမ်းဆောင်နေတဲ့ ဒေါက်တာ မြင့်မိုရ်ကျော်ကို စစ်တပ်က PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မနေ့က နေ့လယ်ပိုင်းက ကလေးမြို့  မြို့ သာရပ်ကွက်ကနေ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။
ဒေါက်တာမြင့်မိုရ်ကျော်ဟာ Non CDM ဆရာဝန်တဦးဖြစ်ပေမယ့် သူနဲ့နီးစပ်ရာတွေကို အတတ်နိုင်ဆုံးကူညီပေးနေသူဖြစ်တယ်လို့ မြို့ခံတွေကဆိုပါတယ်။
“စိတ်ရင်းစိတ်ထားကောင်းတယ်၊ လူနာတွေအပေါ်နွေးနွေးထွေးရှိတယ်၊သူများတွေကို ကူညီတတ်တယ်” လို့ ဒေါက်တာမြင့်မိုရ်ကျော်နဲ့ပတ်သက်ပြီး မြို့ခံတဦးကပြောပါတယ်။
ဒါ့အပြင် မနေ့ကတနေ့တည်းမှာပဲ ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်လေးဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အဲ့ဒီလူငယ်လေးဦးကိုတော့ စစ်တပ်က မနေ့က မနက်ပိုင်းမှာ ဖမ်းဆီး သွားတာလို့ ဆိုပါတယ်။
“မိုးလေဝသရုံးလမ်းမှာ သူတို့စစ်ဆေးရေးလုပ်တာ၊ကလေးတွေကသူတို့ရှေ့က ဆိုင်ကယ်ဖြတ်စီးခဲ့တာပဲ၊ ကလေးတွေအိမ်ရောက်မှ နောက်ကနေကားနဲ့လိုက်လာပြီးဖမ်းသွားတာ၊ ဆိုင်ကယ်နှစ်ယောက်စီးလို့လားမသိဘူး၊ ကလေး တွေက အေးအေးဆေးဆေးနေတတ်သူတွေပါ” လို့ မြို့ခံတဦးကပြောပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ကလေမြို့တဝိုက်ကို စစ်ကြောင်းထိုးတာတွေရှိနေလို့ ဒေသခံတွေ တိမ်းရှောင်နေကြရသလို ဒေသကာကွယ်ရေတပ်တွေကလည်း ကလေးမြို့ပေါ်အပါအဝင်မြို့ဝန်းကျင်မှာ စစ်ကောင်စီကို ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပါတယ်။
စစ်ကောင်စီဟာ ခရစ္စယာန်ဘာသာဝင်တွေလည်း အများအပြားရှိတဲ့ကလေးမြို့တောင်ဘက် ကျေးရွာတွေကို ခရစ္စမတ်နေ့ဖြစ်တဲ့ မနေ့က ဒီဇင်ဘာ (၂၅)ရက်မှာလည်း စစ်ကြောင်းထိုးလို့ ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရပါတယ်။