ရုရှား နာမည်ကျော် တပ်မဟာ တစ်ခုလုံးနီးပါး စစ်ပွဲကြောင့် ပြုန်းတီးသွား 

ရုရှားရဲ့ တိုက်ရည်ခိုက်ရည် အကောင်းဆုံး၊ အထက်မြက်ဆုံးလို့ သတ်မှတ်ခြင်း ခံရတဲ့ တပ်မတစ်ခုဟာ ယူကရိန်း စစ်မြေပြင်မှာ ပြုတ်ပြုတ်ပြုန်းသွားတယ်လို့ သိရပါတယ်။ 

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းက NATO အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဖင်လန်နိုင်ငံနဲ့ နယ်စပ်နားမှာ အခြေစိုက်တဲ့ အမှတ် ၂၀၀ မော်တာရိုင်ဖယ် တပ်မဟာကြီးဟာ အခုအခါ လူကုန်သလောက် ဖြစ်သွားပြီး ပြန်လည် ဖွဲ့စည်း တည်ဆောက်ဖို့ နှစ်ပေါင်းအတော်ကြာ အချိန်ယူရဖွယ် ရှိနေကြောင်း သတင်းတွေက ဆိုပါတယ်။ 

ယူကရိန်းစစ်ပွဲ အစမှာ အဲဒီ တပ်ဖွဲ့တွေဟာ ပိုမိုသစ်လွင်တဲ့ စစ်လက်နက်တွေ၊ ပိုမိုကောင်းမွန်တဲ့ လေ့ကျင့်မှုတွေနဲ့ ဖြစ်နေခဲ့ဖူးတယ်လို့ Washington Post သတင်းစာက ဖော်ပြပါတယ်။ ဒါပေမဲ့ ကျူးကျော်စစ်စပြီး မကြာခင်မှာပဲ အမှတ် ၂၀၀ တပ်မဟာရဲ့ တပ်ဖွဲ့ဝင်တွေဟာ ပြင်းထန်တဲ့ ကြားဖြတ် တိုက်ခိုက်မှု၊ ချုံခို တိုက်ခိုက်မှုတွေကို စတင် ကြုံလာရပါတယ်။ နောက်ပိုင်းမှာတော့ တပ်မဟာရဲ့ စစ်သည်တွေ အတုံးအရုံး ပြုန်းတီးကုန်ပြီး စစ်လက်နက်တွေကိုလည်း စွန့်ခွာ ထွက်ပြေးကြရပါတယ်။ 

Washington Postက ရရှိထားတဲ့ စာရင်းတွေအရ ခါကစ်ဗ် ဒေသမှာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို ခုခံဖို့ ကြိုးစားရင်း အမှတ် ၂၀၀ တပ်မဟာရဲ့ စစ်သည်တွေ ရာနဲ့ချီ သေဆုံးခဲ့ကြောင်း သိရှိရလာရပါတယ်။ အခုဆိုရင် တပ်မဟာ အမှတ် ၂၀၀ မှာ လူကုန်သလောက် ရှိနေလို့ အရေးပေါ် ဆင့်ခေါ်ထားတဲ့ အရန်တပ်တွေကိုပါ အစားထိုးနေရပြီ ဖြစ်ပါတယ်။ 

သမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာလမှာ အထူးအမိန့်နဲ့ ဆင့်ခေါ်မှုကြောင့် တပ်မဟာ အမှတ် ၂၀၀ ထဲ စိတ်မပါ လက်မပါ ရောက်သွာတဲ့ ရုရှား စစ်သား တစ်ဦးက တပ်ဖွဲ့ကြီး တစ်ခုလုံး ဆွေးမြေ့ ပျက်စီးနေပြီလို့ Washington Postကို ပြောပါတယ်။ အနောက်နိုင်ငံ စစ်ထောက်လှမ်းရေးတွေကလည်း ရုရှားရဲ့ နာမည်ကျော် တိုက်ခိုက်ရေး တပ်ကြီးဟာ စိတ်ဓာတ်ရေးရာ အရရော၊ ဖွဲ့စည်းပုံအရရော မမှတ်မိနိုင်လောက်အောင် ချိနဲ့သွားပြီလို့ မှတ်ချက်ပေးကြပါတယ်။ 

ပူတင်ရဲ့ မပိုင်ဝက်မွေး ကျူးကျော်စစ်ကြောင့် ဒုက္ခရောက်သွားတဲ့ ရုရှားရဲ့ နာမည်ကြီး တပ်ဖွဲ့တွေက တပ်မဟာ အမှတ် ၂၀၀ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ VDVလို့ ခေါ်တဲ့ ရုရှားရဲ့ ထိပ်တန်း လေထီးဆင်း အထူးကွန်မန်ဒို တပ်တွေကလည်း တိုက်ပွဲ အစပိုင်း နေ့ရက်တွေမှာ ကတည်းက လွဲမှားတဲ့ စစ်ဆင်ရေး ဆုံးဖြတ်ချက်တွေကြောင့် အကြီးအကျယ် ပြုန်းတီးခဲ့ပါတယ်။ 

ယူကရိန်းစစ်ပွဲ ၁၀ လလောက် ကြာမြင့်လာတဲ့နောက် ရုရှားဟာ စစ်မြေပြင်မှာ သေကြေ ဒဏ်ရာရသူ ဦးရေကို တိတိကျကျ မထုတ်ပြန်တော့ဘဲ နှုတ်ဆိတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ပူတင်ရဲ့ စစ်ပွဲမှာ အသက်နဲ့ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးလိုက်ရတဲ့ ရုရှားစစ်သား တစ်သိန်းကျော်ထိ ရှိနေလောက်ပြီလို့ ခန့်မှန်းထားပါတယ်။