ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှာ လူပေါင်း သိန်းဂဏန်းနီးပါး စုဝေးချီတက်ပြီး ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အတိုက်အခံ နိုင်ငံရေး အင်အားစုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်ပြီး အင်အား အလုံးအရင်းနဲ့ ချီတက်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ဟာဆီနာ နုတ်ထွက်ဖို့အပြင် လွှတ်တော်ကို ဖျက်သိမ်းဖို့ပါ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ BNPက ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်မှာ စက်သုံးဆီ စျေးနှုန်းတွေနဲ့ လူနေမှု စရိတ်စကတွေ ကြီးမြင့်လာတာကို ဟန့်တားပေးဖို့ တာဝန် ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဆန္ဒပြပွဲမှာ အတိုက်အခံ အင်အားစုတွေက ဟာဆီနာကို ရာထူးက နုတ်ထွက်ပေးပြီး ရွေးကောက်ပွဲအသစ် အမြန်ဆုံး ကျင်းပပေးဖို့လည်း ရာဇသံပေး တောင်းဆိုခဲ့ပါတယ်။ ဟာဆီနာကလည်း အတိုက်အခံတွေကို မီးရှို့ဖျက်ဆီးတဲ့ အကြမ်းဖက်သမားတွေလို့ တုံ့ပြန်စွပ်စွဲပြီး ပြည်သူလူထု အနေနဲ့ အကြီးမားဆုံး အတိုက်အခံ အင်အားစုဖြစ်တဲ့ BNPကို အာဏာ အပ်နှင်းမိရင် အကြီးအကျယ် မှားလိမ့်မယ်လို့ ပြောပါတယ်။
ဆန္ဒပြမှုတွေအတွင်း ဖမ်းဆီးခံရသူတချို့ ရှိခဲ့ကြောင်း ဒါကာ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး အဲဒီထဲမှာ ပါတီရဲ့ အတွင်းရေးမှူးချုပ် မီဇာ အယ်လာမာဂျီလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဒါကာမှာရှိတဲ့ BNP ရုံးချုပ်ရှေ့က လူစုလူဝေးနဲ့ ရဲတွေကြား ပြဿနာ တက်ရာက ပဋိပက္ခတွေ ဖြစ်ပွားပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပါတယ်။
အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ စုစုပေါင်း လူတစ်သိန်း နီးပါးလောက်ထိ တက်ရောက်ခဲ့တယ်လို့ BNPက ဆိုပါတယ်။ ပြီးတော့ BNPရဲ့ ရွေးကောက်ခံ အမတ် ၇ ယောက်စလုံးက အဲဒီ ဆန္ဒပြပွဲမှာပဲ သူတို့အနေနဲ့ လွှတ်တော်ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဟာဆီနာဟာ မဲသူခိုး တစ်ဦးသာဖြစ်ပြီး မှန်ကန် ဖြောင့်မတ်တဲ့ ရွေးကောက်ပွဲတစ်ခု ဘင်္ဂလားဒေ့ရှ်မှာ လိုအပ်နေပြီလို့ BNP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အတိအကျကို မကြေညာသေးပါဘူး။ လုပ်ထုံးလုပ်နည်းအရဆိုရင် လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပရမှာပါ။ အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ် အေဝါမီ အဖွဲ့ချုပ် ပါတီကို ဦးဆောင်ပြီး ဝန်ကြီးချုပ်အဖြစ် ၂၀၀၉ ခုနှစ် ကတည်းက တာဝန်ယူနေခဲ့တာ ဖြစ်ပါတယ်။