ဒီပဲယင်းမှာ လေးရက်အတွင်း ရွာ ၆ ရွာဆက်တိုက်မီးရှို့ခံရပြီး စစ်ရှောင်ပြည်သူသောင်းချီရှိလာ

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီကနေ့ ဒီဇင်ဘာ ၄ ရက်အထိ ရွာပေါင်း ၆ရွာကို စစ်တပ်ကဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာပြေးနေကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

 

 ဒီပဲယင်းမြို့နယ်အတွင်းက နများကျေးရွာ၊ ယဉ်ကျေးရွာ၊ ညောင်လှကျေးရွာ၊ ကံကုန်းကျေးရွာနဲ့ မူးရိုးကုန်းရွာတွေကို စစ်ကောင်စီတပ်တွေကမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ကျေးရွာလူနေအိမ်တွေအပြင် ဘုန်းတော်ကြီးကျောင်းတွေပါ မီးလောင်ပျက်စီးခဲ့ကြတယ်လို့ဆိုပါတယ်။

 

 ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မနက်ပိုင်းကစလို့ ဒီပဲယင်းက နများရွာနဲ့ ယဉ်ကျေးရွာမြောက်ပိုင်းကိုစစ်ကြောင်းထိုးနေတာြဖစ်ပြီး တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲ အကြောင်းမဲ့မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီနေ့ မနက်ပိုင်း ညောင်လှကနေ နများဘက်ကို ထွက်လာတယ်။  မီးရှို့တယ် အဲဒီကနေ ယဉ်ကျေးရွာဆက်ဝင်ရှို့တယ်။  ပြီးတော့ မူးရိုးကုန်းဆက်ရှို့နေတယ်။ စစ်ရှောင်တွေက ရွှေဘိုနယ်က စစ်ရှောင်တွေရောဒီပဲယင်းကရောအကုန်နေရာရွှေ့ပြေးနေကြရတယ်လို့ဒီပဲရင်းညီနောင်များအဖွဲ့ကDNAကိုပြောပါတယ်။

 

စစ်ကြောင်းထိုးနေချိန်မှာ နေအိမ်တွေကိုမီးရှို့တာတွေအပြင် ကျေးရွာအတွင်းမှာလည်း နေအိမ်တွေကိုမွှေနှောက်ရှာဖွေတာတွေလည်းရှိခဲ့ကြတယ်လို့လည်းဆက်ပြောပြပါတယ်။

 

အခုကရေဦးအစပ်ကရွာတွေရယ် ဒီပဲယင်း ထဲကရွာတွေထဲကိုဝင်တယ်။ တအိမ်တက်တအိမ်ဆင်းမွှေနှောက်ယူတယ်။ ပြီးတော့ပစ္စည်းတွေကိုကားလမ်းမမှာချပြီးဒီပဲယင်းစခန်းကိုသယ်တယ်ပစ္စည်းယူပြီးတာနဲ့အိမ်တွေကိုမီးတင်ရှို့တာပဲ’’ လို့ ဒီပဲယင်းဒေသခံကဆက်ပြောပါတယ်။

 

အခုဒီဇင်ဘာလထဲမှာ စစ်ကောင်စီတပ်တွေဟာ ရေဦး၊ ခင်ဦးနဲ့ ဒီပဲယင်းနဲ့ ရွှေဘိုခရိုင်အစပ်က ရွာတွေကို ဆက်တိုက်ဆိုသလိုစစ်ကြောင်းထိုးနေတာကြောင့် ရက်ပိုင်းအတွင်းမှာပဲ အဲဒီဒေသတွေမှာ စစ်ရှောင်တွေဟာ သောင်းနဲ့ချီလို့ တိုးလာနေပါတယ်။

 စစ်ရှောင်တွေဟာ ရာသီဉတုကြားမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေပြီး အခက်အခဲတွေလည်းများစွာရင်ဆိုင်နေကြရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။