စစ်ကိုင်းတိုင်း ၊ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်းက ရွှေဘို-ခင်ဦး-ရေဦးကားလမ်းတလျှောက်မှာ စစ်တပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရှာဖွေဖယ်ရှားနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းပြန်ကြားရေးအဖွဲ့က ကိုအာကာက DNA ကိုပြောပါတယ်။
ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီက အခုလ (၁၇) ရက်ကနေ (၂၇) ရက်အထိ ဆယ်ရက်ကျော်ကြာ အင်အား (၁၆၀) ခန့်နဲ့ စစ်ကြောင်းထိုးကာ ရွာတွေကို မီးရှို့ခဲ့ပြီးနောက် စစ်ကြောင်းပြန်ထွက်ချိန်မှာ ရွေဘို-ခင်ဦး-ရေဦး ကားလမ်းဘေးတလျှောက် ရွာတွေအနီးမှာ မြေမြှုပ်မိုင်းတွေတွေ့လို့ ရှာဖွေရှင်းလင်းနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ ဒေသထဲက ပြန်ထွက်သွားပြီးနောက် အဲ့ဒီလမ်းတလျှောက်မှာ မိုင်းသုံးလုံးကွဲပြီး ကားတစီးနဲ့ နွားနှစ်ကောင် ထိခိုက်ခဲ့ပြီးနောက် ဒေသကာကွယ်ရေးတပ်တွေက မိုင်းရှာဖွေရှင်းလင်းမှုလုပ်ရာမှာ မြေမြှုပ်မိုင်းသုံးလုံး တွေ့ရှိရှင်းလင်းနိုင်ခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ပြောပါတယ်။
ရွှေဘို-ခင်ဦး-ရေဦး ကားလမ်းတလျှောက်က ပြည်သူတွေနေထိုင်နေတဲ့ ကျေးရွာတွေအနီးတဝိုက်မှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ထားတာကို ထပ်တွေ့ရတာကြောင့် ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေကြပြီး ဒေသခံပြည်သူတွေကိုလည်း အဲ့ဒီနေရာတွေကို သတိထားသွားလာကြဖို့ ခင်ဦးဒေသကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။
စစ်ကောင်စီက ခင်ဦးမြို့နယ်ထဲကို အခုလအတွင်း စစ်ကြောင်းထိုးချိန်မှာ ကျေးရွာ (၁၂) ရွာက အိမ်ခြေ ရှစ်ရာနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း ကာကွယ်ရေး တပ်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးခဲ့တဲ့ကာလအတွင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိသလို စစ်ကောင်စီဘက်က လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။