ဆေးရုံတက်နေရတဲ့ ပီလီ 

 

ဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်းကြီး ပီလီဟာ ကင်ဆာရောဂါ ကုသမှု ခံယူဖို့ ဆေးရုံတက်ရောက် ကုသနေရကြောင်း သိရပါတယ်။ 

ဒါပေမဲ့ ဖခင်ဖြစ်သူရဲ့ အခြေအနေဟာ အရမ်း စိုးရိမ်စရာ မရှိဘူးလို့ ပီလီရဲ့သမီး ကီလိုင် နက်စီမန်တိုက Instagramမှာ ရေးသားထားပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ နက်စီမန်တိုက သူ့ဖခင် ဆေးရုံတက်ရတယ်ဆိုတာ မှန်ကန်ကြောင်း၊ ဒါပေမဲ့ မီဒီယာတွေရဲ့ ထုံးစံအတိုင်း အလွန်အကျွံ ပုံကြီးချဲ့နေကြောင်း၊ သူကိုယ်တိုင်တောင်မှ ဖခင်ဆီ အလောတကြီး​ ပြန်သွားဖို့ စီစဉ်စရာ မလိုသေးကြောင်း ရေးသားထားခဲ့ပါတယ်။ 

ဘရာဇီးနိုင်ငံ၊ ဆာအိုပေါ်လိုမြို့က အဲလ်ဘတ် အိုင်းစတိုင်း ဂျူးဆေးရုံက ပီလီ ဆေးရုံတက်နေတယ် ဆိုတာကို အတည်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းက စစ်ဆေး တွေ့ရှိခဲ့တဲ့ အူမကြီး ကင်ဆာအတွက် နောက်ဆက်တွဲ ဓာတ်ရောင်ခြည် ကုသမှု ခံယူနေတာလို့ ပြောပါတယ်။ 

ကုထုံးအပြီး လူနာကို ပုံမှန် လူနာဆောင်ဆီပဲ ပို့ဆောင်ပေးခဲ့ပြီး အရေးပေါ် ကြပ်မတ်ဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ ကောလာဟလတွေက မမှန်ကန်ဘူးလို့ ဆေးရုံက ထုတ်ပြန်ပါတယ်။ ပြီးတော့ ပီလီရဲ့ ကိုယ်ခန္ဓာဟာ ပုံမှန် လုပ်ဆောင်မှုတွေအတိုင်း ရှိနေပြီး အခြေအနေ တည်ငြိမ်တယ်လို့လည်း သိရပါတယ်။ 

ပီလီဟာ အူမကြီး ကင်ဆာကြောင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ဓာတ်ရောင်ခြည် ကုသမှု ခံယူခဲ့ရသလို အူမကြီးက အကြိတ်တစ်ခုကိုလည်း ခွဲစိတ်ဖယ်ရှားခဲ့ရပါတယ်။ သူဟာ ကမ္ဘာ့ဘောလုံးလောက သမိုင်းမှာ အထင်ရှားဆုံး ကြယ်တစ်ပွင့်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ခံရပြီး ဘောလုံးဘုရင်လို့တောင် တင်စား ခံခဲ့ရပါတယ်။ 

ပီလီ ပါဝင်ကစားတဲ့ ဘရာဇီး အသင်းဟာ ကမ္ဘာ့ဖလား ၄ ကြိမ် ဆွတ်ခူးခဲ့ပြီး သူကလည်း ကမ္ဘာ့ဖလားမှာ စုစုပေါင်း ၁၄ ပွဲကစား၊ ၁၂ ဂိုးထိ သွင်းပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် သက်တမ်းတလျှောက်မှာ ပွဲပေါင်း ၁၃၆၃ ပွဲ ကစားပြီး သွင်းဂိုး ၁၂၈၁ ဂိုးထိ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။