ဘရာဇီးဘောလုံးဂန္ထဝင် ပီလီရဲ့ ရုပ်အလောင်းကို ခမ်းနားတဲ့ဂူဗိမာန်တခုထဲက ရွှေရောင်အုတ်ဂူထဲ ပြောင်းရွှေ့

မေ၊ ၂၀

ဘရာဇီး ဂန္ထဝင် ဘောလုံးအကျော်အမော် ပီလီရဲ့ ရုပ်အလောင်းကို ရွှေရောင် အုတ်ဂူ တခုထဲ ထည့်သွင်းပြီး တခမ်းတနား ပြင်ဆင်ထားရာ ဂူဗိမာန်တခုထဲ ရွှေ့ပြောင်းထားရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၈၃ နှစ်အရွယ်မှာ အူကင်ဆာ ရောဂါနဲ့ အနိစ္စ ရောက်ခဲ့တဲ့ ပီလီရဲ့ အလောင်း ထားရှိရာ ဂူဗိမာန်ဟာ ဆာအိုပေါ်လိုမြို့ ဆင်ခြေဖုံးမှာ တည်ရှိပြီး အမှတ်တရ သင်္ချိုင်း ပြတိုက်ငယ် တခုလို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဂူဗိမာန် ရှိနေတဲ့ နေရာဟာ ပီလီရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတလျှောက်လုံးနီးပါး အခြေချ ကစားခဲ့ပြီး သူအရမ်းချစ်မြတ်နိုးတဲ့ ဆန်းတို့စ် ဘောလုံးအသင်းရဲ့ ဗီလာ ဘယ်လ်မီရို ကွင်းကြီးနဲ့ ၁ ကီလိုမီတာ နီးပါးလောက်သာ ကွာဝေးပါတယ်။

ဂူဗိမာန်ရဲ့ အတွင်းပိုင်းကို ဘောလုံးကွင်း တခုရဲ့ ပတ်ဝန်းကျင်လို ပုံစံတူ ဖန်တီးထားပြီး မြက်ခင်းတုတွေ ခင်းထားပါတယ်။ မြေညီထပ်မှာတော့ ကမ္ဘာ့ဖလား ၃ ကြိမ်ရ ဘောလုံးသူရဲကောင်းရဲ့ နောက်ဆုံးနားခိုရာ လေးထောင့် ရွှေရောင် အုတ်ဂူကြီးကို တွေ့ရမှာ ဖြစ်ပါတယ်။

အုတ်ဂူရဲ့ ဘေးတဖက်တချက်မှာတော့ ပီလီရဲ့ အရေအတွက် ၁၀၀၀ ပြည့် ဂိုးကို သွင်းယူနေပုံရယ်၊ ၁၉၆၉ တုန်းက မာရာကာနာ ကွင်းကြီးထဲမှာ ဂိုးသွင်းပြီးတဲ့နောက် လေထဲကို လက်သီးနဲ့ထိုးပြီး အားမာန်ပါပါ အောင်ပွဲခံနေတဲ့ ပုံရိပ်ရယ်ကို နံရံရုပ်ကြွ ပန်းပုတွေအဖြစ် ထုဆစ်ပုံဖော်ထားပါတယ်။

ဂူဗိမာန်ထဲမှာ ပီလီရဲ့ ပုံတူ ကြေးရုပ်တုတွေ ရှိနေသလို ပီလီ ဝတ်ဆင်ခဲ့ဖူးတဲ့ ဂျာစီတွေထဲက ၃ ထည်ကို လက်ရွေးစင်အဖြစ် ရွေးချယ် ပြသထားပါတယ်။ အဲဒါတွေကတော့ ဆန်းတို့စ် ကလပ်အသင်းရဲ့ ဂျာစီ၊ ဘရာဇီး လက်ရွေးစင် အသင်းဂျာစီနဲ့ ၁၉၇၇ ခုနှစ်မှာ ပီလီ ဘောလုံးသမားဘဝက အနားမယူခင် နောက်ဆုံးကစားခဲ့တဲ့ အမေရိကန်ကလပ် နယူးယောက် ကော့စ်မို့စ်ရဲ့ ဂျာစီတို့ပဲ ဖြစ်ပါတယ်။

ဆန်းတို့စ်အသင်း တာဝန်ရှိသူတွေဟာ အဲဒီ ဂူဗိမာန်ကို ကမ္ဘာတလွှားက ဘောလုံးပရိသတ်တွေနဲ့ ပီလီကို လေးစားချစ်ခင်သူတွေ အမြောက်အမြား နှစ်စဉ် လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အဆောက်အအုံ ထိခိုက်ယိုယွင်းမှုကို ကာကွယ်တဲ့ အနေနဲ့ နေ့စဉ် လူ ၆၀ ကိုသာ ဝင်ခွင့်ပြုမှာဖြစ်ပြီး ကြိုတင် စာရင်းသွင်းဖို့ လိုအပ်မယ်လို့ သိရပါတယ်။

 

Ref: CNA

Delta News

Read Previous

မဟာမိတ်နိုင်ငံတွေဆီ F-16တွေ ယူကရိန်းဆီ လွှဲပြောင်းပေးရေး မီးစိမ်းပြလိုက်တဲ့ အမေရိကန်

Read Next

စနိုက်ပါသင်တန်းဆင်းလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ