ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးကို ရှုံးထွက်အဆင့် တက်ရောက်ဖို့ သေချာစေခဲ့တဲ့ အနိုင်ဂိုးရှင် ကားလို့စ် ကက်စ်မဲရိုးကို အသင်းဖော် တိုက်စစ်မှူး နေမာက အကြီးအကျယ် ဂုဏ်ပြု ချီးကျူးလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်ထားသူ ကက်စ်မဲရိုးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ခံစစ်အားပြု ကွင်းလယ်လူ တစ်ယောက် ဖြစ်တယ်လို့ နေမာက Twitterမှာ ဂုဏ်ပြု ရေးသားခဲ့ပါတယ်။ ဘရာဇီးရဲ့ အဓိက ကြယ်ပွင့် ကစားသမားဖြစ်သူ နေမာဟာ အုပ်စုအဖွင့် ဆာဘီးယားနဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ရတဲ့ အုပ်စု ဒုတိယမြောက် ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
နေမာ မပါဝင်နိုင်ချိန်မှာ ဘရာဇီးရဲ့ တိုက်စစ်ပိုင်းဟာ အချိတ်အဆက် အတော်လေး လွဲချော်ခဲ့သလို ဆွစ်ဇာလန် ဂိုးသမား ယန်ဆိုးမားရဲ့ ထူးထူးချွန်ချွန် လက်စွမ်းပြမှုတွေကြောင့် ဂိုးရဖို့ အကြီးအကျယ် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် မိနစ် ၈၀ အကျော်လောက်မှာတော့ ကွင်းလယ်ခံစစ် ကစားသမား ကက်စ်မဲရိုးက ဘရာဇီးအတွက် အရေးတကြီး လိုအပ်နေတဲ့ အနိုင်ဂိုးကို လှလှပပ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲအနိုင်ရလဒ်ကြောင့် ဘရာဇီး နောက်ဆုံးလက်ကျန် တစ်ပွဲ ကစားဖို့ ရှိနေသေးတာတောင် အုပ်စုအဆင့်က လွတ်မြောက်ပြီး နောက်တစ်ဆင့်တက်ဖို့ ရာခိုင်နှုန်းပြည့် အာမခံချက် ရရှိသွားခဲ့ပါတယ်။
ဘရာဇီးနည်းပြ တစ်တီကလည်း နေမာရဲ့ အဆိုကို ထောက်ခံပြီး ကက်စ်မဲရိုးဟာ တကယ် ထူးချွန်တဲ့ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် အသက် ၃၀ အရွယ် ကစားသမားဟာ ခံစစ်ပိုင်းမှာတင် ထူးချွန်တာ မဟုတ်ဘဲ စွယ်စုံရ ကစားသမား တစ်ယောက်လို့ တစ်တီက ပြောပါတယ်။
နေမာဟာ လက်ကျန် အုပ်စုပွဲစဉ်ကိုလည်း လွဲချော်ဦးမှာ ဖြစ်ပြီး တစ်တီကတော့ အသင်းအနေနဲ့ နေမာ မပါဝင်နိုင်တဲ့တိုင် ရှိရင်းစွဲ နည်းဗျူဟာပိုင်းကို ပြင်ဆင်မှာ မဟုတ်ဘူးလို့ ဆိုတယ်။ နေမာလို တိုက်စစ် ကစားသမားကောင်းကို လက်လွှတ်ထားရချိန်မှ အားလုံးက လွမ်းဆွတ်နေတာ မဆန်းကြောင်း၊ ဒါပေမဲ့ သူ့နေရာမှာ ဝင်ကစားနိုင်တဲ့ တခြားသူတွေ ရှိနေပြီး အဲဒီ ကစားသမားတွေကို အခွင့်အရေး ပေးသွားမှာဖြစ်ကြောင်း တစ်တီက အတည်ပြုသွားပါတယ်။
ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်းဖြစ်တဲ့ ဘရာဇီးဟာ အုပ်စုအပိတ် ပွဲစဉ်အဖြစ် ကင်မရွန်းနဲ့ ဒီဇင်ဘာ ၂ ရက်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။