လောင်းလုံးမှာ ရေလမ်းကလာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

တနင်္သါရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ရေလမ်းကလာတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေကို တိုက်ခိုက်ခဲ့ပြီး လေးဦးသေဆုံးတယ်လို့ လောင်းလုံးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ထားဝယ်ကနေ လောင်းလုံးမြို့ ကျောက်နီမော် ကျေးရွာဘက်ကို ရေလမ်းကလာနေတဲ့ ပျူစောထီးတွေကို နိုဝင်ဘာ(၂၃)ရက်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့အဖွဲ့မှာ စစ်ကောင်စီရေတပ်က ဗိုလ်ကြီးတဦးရဲ့အမေဖြစ်သူထားဝယ်မြို့ခံ ဒေါ်ဝင်းခိုင်ကျော်နဲ့ ပျူစောထီးအဖွဲ့ဝင်သုံးဦးပါလာပြီး လေးဦးလုံးသေဆုံးခဲ့တယ်လို့ လောင်းလုံးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဆီက လက်ဝတ်ရတနာတချို့နဲ့ ငွေသားကျပ်သိန်းသုံးဆယ်ကျော်၊စကားပြောစက်တလုံးနဲ့ စာရွက်စာတမ်းတချို့သိမ်းဆည်းရရှိတ​ယ်လို့သိရပါတယ်။

သိမ်းဆည်းရရှိခဲ့တဲ့ လက်ဝတ်ရတနာတွေနဲ့ ငွေ ကြေးတွေဟာ ဒေသတွင်း ပြည်သူတွေဆီက လု ယက်ထားတာတွေဖြစ်နိုင်တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

“သိမ်းဆည်းရမိတဲ့ရွှေတွေကို‌ လောလောဆယ်တော့ သိမ်းထားပါတယ်၊ သံချေးတက်နေတာတွေလည်းရှိပါတယ်၊ အတု၊ အစစ်လည်းမခွဲခြားတတ်တော့ ဒီတိုင်းပဲသိမ်းထားသေးတယ်ခင်ဗျ၊ ပြီးခဲ့တဲ့လ ကျောက်နီမော်ရွာကပျူစောထီးတွေက ညောပြင်ရွာကို ဓါးပြတိုက်သွားတဲ့ ဖြစ်ရပ်ရှိပါတယ်၊အဲ့ဒီကပစ္စည်းတွေလို့ ယူဆရပါတယ်လို့ ”သူက ဆိုပါတယ်။

ဒေါ်ဝင်းခိုင်ကျော်ဟာ စစ်ဗိုလ်တဦးရဲ့အမေဖြစ်တဲ့အပြင် စစ်ကောင်စီနဲ့ အနီးကပ်ဆက်သွယ်နေတဲ့ အကြီးစားပျူစောထီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး DNA အနေနဲ့တော့ သီးခြားအ တည်မပြုနိုင်ပါဘူး။

လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ကတော့ ဒေါ်ဝင်းခိုင်ကျော်ဟာ ထားဝယ်ကနေ ကျောက်နီမော်ရွာကို မူးယစ်ဆေး၊ အရက်၊ ဘီယာတွေသယ်ယူပေးနေသလို ပျူစောထီးအင်အားဖြည့်ပေးတာ၊လက်နက်ခဲယမ်းဖြည့်ပေးတာအပြင် ကိုယ်တိုင်လည်း ကျော်နီမော်ရွာထဲက ပျူစောထီးတွေနဲ့အတူ လှည့်ကင်းပတ်တာတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပျူစောထီးဆိုသူတွေဟာ ထားဝယ်ခရိုင်အတွင်းက ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာ၊ ဓါးပြတိုက်တာတွေနဲ့ မူးယစ်ဆေးဝါးရောင်းတာတွေ ပြုလုပ်နေတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။