မြောက်ဒဂုံက EPC ဓာတ်အားခွဲရုံ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊​ (၄၅) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနဲ့ ဗိုလ်မှူးဗထူးလမ်းထောင့်မှာရှိတဲ့ မြို့နယ်လျှပ်စစ် EPC ဓာတ်အားခွဲရုံကို Human Rights Defenders နဲ့မဟာမိတ်ညီနောင်အဖွဲ့တွေက နိုဝင်ဘာ (၂၅) ရက် ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ခံက DNA ကို ပြောပါတယ်။

“စကစ လက်အောက်က epcဆိုတာ ပြည်သူတွေကို အနိင်ကျင့်နေတဲ့သူတွေပါပဲ၊ မီတာမဆောင်ရင် ခြိမ်းခြောက်ပီး မီတာဆောင်ခိုင်းတယ်၊ မဆောင်ရင် မီးဖြတ်တယ်၊ ဒါကသူတို့အကျင့်ပါပဲ၊ ကျန်တော်တို့ကလည်း အဲ့တာကြောင့် ဖောက်ခွဲတိုက်ခိုက်တာပါ”လို့ Human Rights Defenders အဖွဲ့တာဝန်ခံကပြောပါတယ်။

အဲ့ဒီ EPC ရုံးကို အဝေးထိန်းမိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ အဖွဲ့ဝင်တွေ ဘေးကင်းရာကိုဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတချို့ကလည်း မနေ့ကညပိုင်းမှာ EPC ရုံးဘက်က ပေါက်ကွဲသံကြားရတယ်လို့ဆိုပြီး လူထိခိုက်မှုရှိတဲ့ အခြေအနေတော့မတွေ့ရဘူးလို့ ပြောပါတယ်။

“အုံးဆိုအသံကြားပြီး သိပ်မကြာဘူး သူတို့ (စစ်တပ်) ရောက်လာတာ၊ မြန်တယ်၊ ပေါက်ကွဲသံကြားတော့ လူတွေကထွက်ကြည့်တာပေါ့၊ အဲ့ဒါကို သူတို့ကပတ်ဝန်းကျင်ကိုလည်း လိုက်ကြည့်နေတာ၊အဓိကကတော့ လုပ်တယ်လို့သံသယရှိတဲ့သူ ရှိ၊ မရှိနဲ့ ဓာတ်ပုံရိုက်တာတွေ ရှိ၊မရှိပေါ့ သိပ်မကြာလိုက်ပါဘူး၊ ပြန်ထွက်သွားကြတာ၊ နာရီဝက်လောက်တော့ ကြာတယ်” လို့ ​မြောက်ဒဂုံမြို့နယ်၊(၄၅)ရပ်ကွက်မှာနေထိုင်သူတဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ အခုလိုပေါက်ကွဲမှုတွေဟာ နိုဝင်ဘာလအတွင်း နေ့စဥ်ဆိုသလိုဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်ကလည်း တော်လှန်ရေးအင်အားစုတွေကို နည်းလမ်းမျိုးစုံးနဲ့ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

လက်ရှိနိုဝင်ဘာလအတွင်း ရန်ကုန်မြို့က တော်လှန်ရေးအင်အားစုဝင်လူငယ် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား အင်အားစုတွေက ဆိုပါတယ်။