စစ်ကောင်စီလက်အောက်ခံလေကြောင်းလိုင်းကနေ ကံစမ်းမဲပေါက်တယ်ဆိုပြီး ပြည်သူများကိုလိမ်လည်မှုရှိနေတယ်လို့ဆို

စစ်ကောင်စီလက်အောက်ခံလေကြောင်းလိုင်းတခုဖြစ်တဲ့ နိုင်ငံပိုင်လေကြောင်းလိုင်း မြန်မာအမျိုးသား လေကြောင်းလိုင်းရဲ့ ဝက်ဆိုက်ကနေ ကံစမ်းမဲပေါက်တယ်ဆိုပြီး အွန်လိုင်းကနေ လိမ်လည်မှုတွေရှိနေတယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းက ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်မှာထုတ်ပြန်လာပါတယ်။

လေကြောင်းလိုင်းရဲ့ ၇၄ နှစ်ပြည့် ကံစမ်းမဲပုံစံနဲ့ ဝက်ဆိုက်အတုတွေကနေတဆင့်လိမ်လည်နေတာဖြစ်ပြီး အဲဒီဝက်ဆိုက်ဟာ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ ဝက်ဆိုက်မဟုတ်ဘူးလို့ဆိုပါတယ်။

“website အတုတွေနဲ့ MNA က ကံစမ်းမဲလုပ်နေတဲ့ပုံမျိူးနဲ့ လိမ်တာမျိူးပါရှင်။ အဲ့လို spam link တွေက လေကြောင်းလိုင်းမှမဟုတ်ပါဘူး။ စူပါးမားကတ်နဲ့ မိုဘိုင်းအော်ပရေတာ ပုံစံနဲ့ လင့်ခ်အတုတွေကနေတဆင့်လိမ်လည်နေတာပါ’’ လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဘက်က DNA ကိုပြောပါတယ်။
ဒီဝက်ဆိုက်အတုတွေကတော့ မြန်မာအမျိုးသားလေကြောင်းလိုင်းကနေ ငွေသားဆုတွေ ပေးမယ်လို့လိမ်လည်ထားပြီး ခရီးသည်တွေအနေနဲ့ အဲဒီလိုအချက်အလက်တွေရရင် ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်တွေကိုပေးတာနဲ့ငွေပေးတာတွေ မလုပ်ဖို့နဲ့ ဝက်ဆိုက်လင့်ခ်တွေကို မတုံ့ပြန်ဖို့ MNA ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

“မနက်အစောကြီးထဲကမက်ဆေ့တွေတောက်လျောက်ဝင်နေတာ၊ အဲ့ဒါနဲ့ဝင်ကြည့်လိုက်တော့ဒေါ်လာလေးထောင်ကံစမ်းမဲပေါက်တယ်ဆိုပြီးတွေ့ရတယ်။ အလိမ်မခံရတာကံကောင်း”လို့ လေကြောင်းလိုင်းအသုံးပြုသူတဦးကလည်း မှတ်ချက်ပြုထားတာတွေ့ရပါတယ်။

မြန်မာ့အမျိုးသားလေကြောင်းလိုင်းဟာလက်ရှိ စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့လေကြာင်းလိုင်းတခုဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှာတော့ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးစီးပွားခရီးစဉ်တွေကိုအသုံးချနေတဲ့အတွက် CDM လုပ်ထားတဲ့ဝန်ထမ်းတွေလည်းရှိနေတဲ့ လေကြောင်းလိုင်းတခု ဖြစ်ပါတယ်။