သု၀ဏ္ဏ ဗိုလ်ချုပ်ရွာမှာ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၃) ရပ်ကွက်၊ ဗိုလ်ချုပ်ရွာ ကံ့ကော်မြိုင်လမ်းနဲ့ အင်ကြင်းမြိုင်လမ်းသွယ် (၄) ထောင့်က နေအိမ်တစ်ခုမှာ အငြိမ်းစားဗိုလ်မှူးကြီးတဦး ဒီကနေ့ နိုဝင်ဘာ ၂၄ရက် မနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ အဲ့ဒီရပ်ကွက်အနီး နေထိုင်သူတွေဆီက သိရပါတယ်။

” သူက(အငြိမ်းစားဗိုလ်မှူးကြီး)သူ့ရဲ့နေအိမ်ခြံထဲမှာ ပန်းပင်ရေလောင်းနေတာ၊အဲ့ဒီအချိန်မှာ ခြံထဲကိုဝင်ပြီး ပစ်သွားတာ”လို့ ဗိုလ်ချုပ်ရွာအနီးမှာနေထိုင်တဲ့ သုဝဏ္ဏ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရသူဟာ အငြိမ်းစားဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဝင်းဆိုသူဖြစ်ပြီး ရင်ဘတ်သေနတ်ဒဏ်ရာ နှစ်ချက်ထိမှန်ခဲ့တာကြောင့် မင်္ဂလာဒုံ ကုတင် ၁၀၀၀ ဆေးရုံကို ပို့ပြီး ကုသဖို့လုပ်ဆောင်ပေမယ့် ဆေးရုံပို့ဆောင်တဲ့လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့လည်း အမည်မဖော်လိုတဲ့ အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းဟာ စစ်ကောင်စီရဲ့ အရံတပ်အင်အားမှာပါဝင်ပြီး တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းတွေစုဆောင်းတာ ၊ဖမ်းဆီးတာတွေ လုပ်ဆောင်နေသူ ဖြစ်တယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပြီး DNA အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။

“ဒီလိုလုပ်လား၊မလုပ်လားဆိုတာကိုတော့ ကျွန် တော်တို့လည်း အတိအကျတော့မသိဘူး၊အခုလို ပစ်ခတ်ခံရမှ သတင်းစုဆောင်းတာတွေရော၊ ဖမ်းဆီးတာတွေပါ လုပ်တယ်ဆိုတဲ့ သတင်းကထွက်တာ”လို့ DNA ရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ဘယ်သူတွေကဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာကိုမသိရသေးသလို ရန်ကုန်မြို့က တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

“အဲ့ (ဗိုလ်ချုပ်ရွာ) မှာ သိန်းစိန်အိမ်၊ မင်းအောင်လှိုင်အိမ်တွေပါရှိတယ်၊ သင်္ဘောသားရုံးတွေလုပ်ပြီး ငှါးထားတာ၊ အဲ့လူ သေတယ်လို့တော့ကြားတယ် စံပြဆေးရုံကြီးမှာလောလောဆယ်တော့ စခတွေ ရုတ် ရုတ် ရုတ်ရုတ် နဲ့ အဲ့ဖက် မှာအလုပ်ကဆိုတော့ လိုင်းကားစီးရင်းတွေ့ခဲ့ရတဲ့ အခြေအနေပဲ” ရန်ကုန်မြို့ခံတဦးကပြောပါတယ်။

ရန်ကုန်မြို့လှိုင်မြို့နယ်မှာနေထိုင်တဲ့ အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သားမက်ဖြစ်တဲ့ အငြိမ်းစားစစ်တပ်အရာရှိတို့ဟာလည်း စက်နင်ဘာလအတွင်းက နေအိမ်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။