ကလေးမြို့တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးကို နိုဝင်ဘာ (၁၉) ရက် ဒီကနေ့ နေ့လယ်တနာရီ ကျော်ကစလို့ စစ်ကောင်စီက ပိတ်ဆို့ထားလိုက်ပြီး တာဟန်းရပ်ကွက်တွင်းလမ်းတွေမှာလည်းစစ်သားအင်အား အများအပြား လုံခြုံရေးယူထားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
” ရပ်ကွက်ထဲလူမရှိဘူး၊ ဘယ်သူမှမထွက်ကြဘူး၊ လမ်းထဲမှာ စစ်သားတွေ စောင့်နေတာလေ၊လ မ်းမကြီး ပိတ်ထားတော့ ကလေးဘက်ကို သွားတဲ့သူလည်းမရှိဘူး၊ ကလေးဘက်က လာတဲ့သူလည်းမရှိဘူး၊ တာဟန်းစျေးကော၊ စျေးဆိုင်တွေကော နေ့လယ်ကတည်းက စစ်သားတွေက ပိတ်ခိုင်းတယ်” လို့ တာဟန်းရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
စစ်ကောင်စီက အခုလိုလမ်းပိတ်ပြီး ရပ်ကွက်ထဲထိပါ စစ်သားတွေစောင့်ကြပ်နေတာဟာ ဘာကြောင့်ဆိုတာ အတိအကျမသိရပေမယ့် တမူးဘက်ကနေ သယ်လာတဲ့ စစ်ပစ္စည်းယာဥ်တန်းနဲ့ ဆက်စပ်နေတယ်လို့ မြို့ခံတွေက ယူဆနေကြပါတယ်။
“သူတို့က ကြိုတင်နေရာယူထားတဲ့သဘောနေမယ်၊ စစ်ယာဥ်တန်းရောက်လာရင် ကာကွယ်ဖို့ပေါ့၊ ညကလည်း ဒ.က စ ထဲကနေ လျှောက်ပစ်နေတာလေ” လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။
ကလေးမြို့ ဒ.က.စ ထဲကနေ နိုဝင်ဘာ (၁၈) ရက် ညပိုင်းက တိုက်ပွဲတခုဖြစ်နေသလို လက်နက်ကြီး လက်နက်ငယ်တွေ တရစပ်ပစ်ဖောက်နေခဲ့တယ်လို့ ကလေးမြို့ခံတွေက ဆိုပါတယ်။
အဲ့ဒီမတိုင်ခင် တရက် နိုဝင်ဘာ (၁၇) ရက် ညနေပိုင်းကလည်း ကလေးမြို့အနောက်ဘက် တာဟန်းမှာ အပြန်အလှန်ပစ်ခတ်သံတွေကြားရတယ်လို့ ဆိုပါတယ်။
“တနေ့က ညနေမိုးချုပ်ကစပြီး ပစ်ခတ်ကြတာလည်း ခုထိ ဘာအကြောင်းမှမသိရဘူး၊ အရင်ကဆို မနက်လင်းတာနဲ့ သိရပြီ” လို့ တာဟန်းရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ယခုရက်ပိုင်းအတွင်း ကလေးမြို့ တဝိုက်မှာ စစ်ဘက်သုံးရဟတ်တွေ နေ့စဥ်ပျံဝဲ ကင်းလှည့်နေသလို ညအချိန်တွေမှာလည်း တပ်ထဲနဲ့ကင်းတဲတွေက ပါလက်နက်ကြီးတွေ၊ သေနတ်တွေပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို လုပ်နေတာတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ကနေလာမယ့် စစ်ယာဥ်တန်းနဲ့ဆက်စပ်နေတယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
စစ်ကောင်စီက အဲ့ဒီယာဥ်တန်းလုံခြုံရေးကို အထူးဂရုစိုက်နေတာတွေ့ရပြီး တမူးမြို့ကနေ ယာဥ်တန်းမထွက်မီ မြို့ဝန်းကျင်က ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတွေကို စီးနင်းသိမ်းပိုက်ခဲ့ပါတယ်။
ဒါ့အပြင် တမူးမြို့ကနေ ယာဥ်တန်းထွက်ခွာလာချိန်မှာလည်း ခြေလျင်လုံခြုံရေးတပ်ဖွဲ့အင်အားအများအပြား ဝန်းရံလိုက်ပါလာတယ်လို့ ဒေသတွင်းကာ ကွယ်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။
အဲ့ဒီလိုအခြေအနေတွေကြောင့် တမူးကလာမယ့် စစ်ယာဥ်တန်းဟာ အရေးပါတဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်ကြေးပေးကြပါတယ်။
တမူးကနေ ထွက်ခွာလာတဲ့ စစ်ယာဥ်တန်းဟာ တမူးမြို့ကနေ ဆယ်မိုင်ဝန်းကျင်အကွာ နန်းမွန်တားတံတားနားမှာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မူကို နိုဝင်ဘာလ (၁၇) ရက်နေ့မှာ ခံခဲ့ရပြီး ဒီကနေ့အထိ ကလေး- တမူး လမ်းကြီးပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။
အဲ့ဒီယာဥ်တန်းလာနေတာကြောင့် ကလေး -တမူး လမ်းမကြီးဘေးက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။