သရက်ချောင်းမြို့အနီးမှာ စစ်တပ်လေ့ကျင့် သင်ကြားရေးလေယာဉ်တစီး အရေးပေါ်ဆင်းသက်ရ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျွဲဇပ်ကျေးရွာအနီးမှာ နိုဝင်ဘာ (၁၉) ရက် ဒီကနေ့မနက်ပိုင်းက စစ်တပ်လေ့ကျင့်သင်ကြားရေးလေယာဥ်ငယ်တစီး ပျက်ကျခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

“ဘယ်အချိန်ကကျနေတာလည်းတော့ အချိန်အတိအကျမသိဘူး၊မနက် ၇ နာရီခွဲ ၈ နာရီလောက်ကတည်းက လေယာဥ်တွေရော စစ်သားတွေရောရှုပ်နေတာပဲ အဲ့ဒီအနားမှာ” လို့ ကျွဲဇပ်ရွာ မှာနေထိုင်သူတဦးကပြောပါတယ်။

လေယာဥ်အရေးပေါ်ဆင်းသက်ခဲ့တဲ့နေရာဟာ ကျေးရွာကနေ တနာရီဝန်းကျင်သွားရတဲ့ လယ်ကွင်းထဲမှာဖြစ်ပြီး အဲ့ဒီဖြစ်စဉ်ကို ဒေသခံတွေက မနက်ဆယ်နာရီလောက်မှာ စသိကြရတာ ဖြစ်တယ်လို့ဆိုပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဥ်ဟာ မြိတ်လေတပ်စခန်းကနေ ထားဝယ်ကိုတက်လာတဲ့ စစ်တပ် လေ့ကျင်ရေး လေယာဥ်တစီးဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းက ရဟတ်ယာဥ်နှစ်စီး၊ လေ့ကျင့်ရေး လေယာဥ် ၆ စီးလောက်ပါတဲ့ လေယာဥ်အုပ် လေ့ကျင့်ပျံသန်းနေချိန်မှာ အရေးပေါ် ဆင်းသက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်အတွင်း လေယာဉ်ထိခိုက်မှုအခြေအနေနဲ့ လေယာဥ်မောင်းသူတွေ ထိခိုက်တာရှိမရှိဆိုတာတွေကို မသိကြရဘူးလို့ ဒေသခံကပြောပါတယ်။

လေယာဥ်ဆင်းသက်တဲ့နေရာကနေ လမ်းမပေါ်ပြန်ထွက်ဖို့ တလမ်းတည်းသာရှိတဲ့ ကျွဲဇပ်ရွာဒေသခံကတော့ ဒီကနေ့ နေ့လယ်ပိုင်းအထိ အဲ့ဒီနေရာကနေ လူနာတွေ သယ်လာတဲ့ အခြေအနေမတွေ့ရဘူးလို့ပြောပါတယ်။

လက်ရှိမှာ ပျက်ခဲ့တဲ့လေယာဥ်နဲ့လေယာဉ်မောင်းတွေကို စစ်ကောင်စီတပ်တွေက လာရောက်သယ် ဆောင်ဖို့လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

“အခုအထိတော့မသယ်သေးဘူး၊အဲ့ဒီနေရာမှာဘဲ ရှိသေးတယ်”လို့ ကျွဲဇပ်ရွာ ဒေသခံတစ်ဦးကပြောပါတယ်။

အရေးပေါ်ဆင်းသက်ခဲ့တဲ့လေယာဥ်ဟာ တရုတ်နိုင်ငံက(၁၉၅၈)ခုနှစ်မှာစတင်အသုံးပြုခဲ့တဲ့ Nanchang CJ-6 လေ့ကျင့်သင်ကြားရေး လေယာဉ်ဖြစ်ပါတယ်။