စာမေးပွဲ မသမာမှုမှာ ပါဝင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဝန်ကြီးချုပ်မိုဒီ ကတိပြု

“ကျွန်တော်တို့ လူငယ်တွေ ဖူလုံရေးနဲ့ အနာဂတ်ထက် ပိုမိုအရေးကြီးတာ ဘာမှမရှိပါဘူး” လို့ မိုဒီက လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့ပြီး မေးခွန်း ပေါက်ကြားမှုမှာ ပါဝင်ပတ်သက်သူတွေကို ပြစ်ဒဏ်ပေးဖို့ ကတိပြုခဲ့ပါတယ်။

၂၃ ၊ ဇူလိုင်

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီဟာ ကျောင်းသားတွေကို ဒေါသထွက်စေခဲ့တဲ့  စာမေးပွဲမသမာမှုမှာ ပါဝင်ပတ်သက်သူတွေကို “ပြင်းပြင်းထန်ထန် ပြစ်ဒဏ်” ပေးမယ်လို့ ဒီကနေ့ ဇူလိုင်လ ၂၃ရက်နေ့မှာ  ကတိပြုလုက်ပါတယ်။

ဒါဟာ အိန္ဒိယအစိုးရကို စိန်ခေါ်နေတဲ့ လူထုဆန္ဒပြပွဲတွေနဲ့ ပတ်သတ်ပြီး ဝန်ကြီးချုပ်အနေနဲ့ ပထမဆုံး တိုက်ရိုက်ထုတ်ပြောတာလည်း ဖြစ်ပါတယ်။

ပိုးဟပ်လှုပ်ရှားမှုလို့ လူသိများတဲ့ Cockroach Janta Party (CJP) လှုပ်ရှားမှုက ဦးဆောင်တဲ့ ဆန္ဒပြသူ ထောင်ချီ ဗုဒ္ဓဟူးနေ့က နယူးဒေလီမြို့မှာ စုဝေးခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အခုလို မှတ်ချက်ထွက်ပေါ်လာတာပါ။

“ကျွန်တော်တို့ လူငယ်တွေ ဖူလုံရေးနဲ့ အနာဂတ်ထက် ပိုမိုအရေးကြီးတာ ဘာမှမရှိပါဘူး” လို့ မိုဒီက လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့ပြီး မေးခွန်း ပေါက်ကြားမှုမှာ ပါဝင်ပတ်သက်သူတွေကို ပြစ်ဒဏ်ပေးဖို့ ကတိပြုခဲ့ပါတယ်။

” လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးဖို့ ကြိုးပမ်းသူ ဘယ်သူ့ကိုမဆို သက်ညှာမှာ မဟုတ်ဘူး” လို့ သူက ဆက်ပြောပါတယ်။

စာမေးပွဲဆိုင်ရာ အရှုပ်တော်ပုံတွေ ဖြစ်ပွားပြီးနောက် နိုင်ငံရဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့နဲ့ ပညာရေးဝန်ကြီးကို နုတ်ထွက်ပေးဖို့ CJP လှုပ်ှရားမှုက  တောင်းဆိုထားပြီး အတိုက်အခံခေါင်းဆောင် ရာဟုလ် ဂန္ဒီကလည်း ဝန်ကြီးချုပ်မိုဒီကို ရာထူးက နှုတ်ထွက်ဖို့ တောင်းဆိုထားပါတယ်။

လွှတ်တော်မိုးရာသီအစည်းအဝေး စတဲ့နေ့မှာပဲ ဆန္ဒပြသူ သောင်းချီဟာ လွှတ်တော်အဆောက်အအုံကို ချီတက်ဖို့ ကြိုးစားချိန်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး တုတ်တွေနဲ့ ရိုက်နှက်နှိမ်နင်းခဲ့တာကြောင့်  တနင်္လာနေ့မှာ ဆန္ဒပြပွဲတွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။

ဆန္ဒပြသူတွေကလည်း ကျောက်ခဲတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပြီး၊ မြို့တော် နယူးဒေလီမှာ ငါးနှစ်ကာလအတွင်း အကြီးမားဆုံး လမ်းမပေါ် ဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဆိုပါဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အနည်းဆုံး လူ ၁၇၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းမှာ အိန္ဒိယရဲ့ တရားသူကြီးချုပ် ဆူရီယာခန့် တရားရုံးကြားနာပွဲတခုမှာ လူငယ်တွေကို “ပိုးဟပ်တွေ” ၊ “ကပ်ပါးကောင်တွေ”လို့ ပြောရာကနေ အဆိုပါ ပိုးဟပ်လှုပ်ရှားမှု စတင်ခဲ့ပြီး မကြာခင်မှုတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး ပိုးဟပ်လှုပ်ရှားမှုဟာ အလုပ်လက်မဲ့ပြဿနာ၊ လူငယ်တွေအတွက် အခွင့်အလမ်းနဲ့ မိုဒီရဲ့ အာဏာရှင်ဆန်လာတဲ့ အုပ်ချုပ်မှုပုံစံကို ထုတ်ဖော်တဲ့ ကိစ္စရပ်တွေအထိ ကျယ်ပြန့်လာခဲ့ပါတယ်။

အဆိုပါ ဆန္ဒပြပွဲတွေဟာ ၂၀၂၄ ခုနှစ်က တတိယအကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်းအတွက် မိုဒီ ပြန်လည်ရွေးချယ်ခံရပြီးနောက်ပိုင်း သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်လာခဲ့ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း မြို့တော်ဒေလီက ဆန္ဒပြသူတွေနဲ့အတူ  ထောက်ခံဝန်းရံကြောင်း ပြသဖို့အတွက် ကျောင်းသားတွေ စုဝေးပြီး ကြာသပတေးနေ့ ညနေပိုင်းမှာ “မီးရှူးတိုင် ချီတက်ပွဲ” ပြုလုပ်ဖို့ နှိုးဆော်ခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူငယ်ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကနေတဆင့်  ရှိခ် ဟာစီနာရဲ့ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပြီး သူ့ကို အာဏာမှ ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။

Ref – AFP