စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းထဲမှာ ပျော်ပွဲစားလုပ်ပြီး သောက်စားမူးယစ်နေကြတဲ့ စစ်ကောင်စီသစ္စာခံရဲ တွေကို နိုဝင်ဘာ (၈) ရက်ညပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တဦး သေဆုံးကာ (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက DNA ကိုပြောပါတယ်။
ရဲစခန်းထဲ သောက်စားမူးယစ်နေကြတဲ့ ရဲတွေကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် စခန်းအပြင်ဘက် ထွက်လာသူတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
“စခန်းအပြင်ဘက်ကိုထွက်လာမယ်ဆိုတာလည်း စဥ်းစားမိထားတော့ ရှေ့ထွက်မိုင်းတွေ ကျွန်တော်တို့ကြိုထောင် ထားခဲ့တယ်၊အဲဒီကောင်တွေ(ရဲများ)ထွက်လာချိန်မှာ မိုင်းဆွဲပစ်လိုက်တယ်”လို့ ရဲဘော်ပေက ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့ နဲ့အတူ မဟာမိတ်သုံးဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိသလို ဒေသခံပြည်သူတွေလည်း ထိခိုက်မှုမရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပုလဲမြို့မရဲစခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ မြို့ခံ တဦးက အတည်ပြုပေမယ့် ထိခိုက်သေဆုံးမှုအ ခြေအနေကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
“သေနတ်ပစ်တဲ့အသံတွေရော ဗုံးကွဲတဲ့အသံတွေရော ဆူညံလို့ကြားရတယ်၊ဒီနေ့မနက် (နိုဝင်ဘာ ၉ ရက်) မှ သိရတာက ပုလဲရဲစခန်းကို PDF တွေ လာတိုက်သွားတာလို့ သိရတယ်၊အထိအခိုက်ရှိတယ်လို့ကြားပေမယ့် အတိအကျမသိဘူး”လို့ ပုလဲမြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် တန်ဆောင်မုန်းလပြည့်ညကလည်း သောက်စားမူးယစ်ပြီး ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်သား တွေကို ပုလဲမြို့မစျေးအနီးမှာ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က ကြိုတင်စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက် ခဲ့တာကြောင့် အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပုလဲမြို့ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးတွေမှာ အကြမ်းဖက်စစ်သား ၅၀ ကျော် တပ်စွဲထားတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရပါတယ်။
ပုလဲမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်း PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ မကြာမကြာ ဖြစ်လေ့ရှိပြီး မြို့နယ်အတွင်း ကျေးရွာတွေဘက်ကိုတော့ စစ်ကောင်စီက လေကြောင်းက စီးနင်းပစ် ခတ်တိုက်ခိုက်မှုတွေ လုပ်လေ့ရှိပါတယ်။