စာရေးဆရာ အကြည်တော် ကွယ်လွန်

ဟာသစာပေတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာအကြည်တော် (ခေါ်) စောကြည်ဖြူဟာဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့ညပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သူရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်ပေါ်ကနေ အတည်ပြုပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုမှုခံယူပြီးနောက် မြန်မာပြည်ပြန်ရောက်ချိန်မှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ဒီကနေ့ ညပိုင်းမှာနှလုံးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပါတယ်။

စာရေးဆရာအကြည်တော်ဟာ မြန်မာစာပေလောကမှာ ဟာသစာပေတခေတ်မှာ အောင်မြင်တဲ့စာ‌ရေးဆရာတယောက်ဖြစ်သလို သူရဲ့ ဟာသလုံးချင်းစာအုပ်တွေဟာလည်း ရုပ်ရှင်ဇာတ်ကားတွေအဖြစ် ပြန်လည်ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့ပါတယ်။

ကျောက်သင်ပုန်းတွေမိုးထားတဲ့ အိမ်၊ ရွှေမိုးသည်း၊ ကဝေပျိုရဲ့ နိဒါန်း၊ နတ်နေကိုင်း၊ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း ၊ ဘီလူး စတဲ့ ဟာသလုံးချင်းစာအုပ်တွေဟာ အလွန်အောင်မြင်ခဲ့သလို စစ်အာဏာမသိမ်းခင်ကရေးသားခဲ့တဲ့ သူခိုးစာအုပ်ဟာလည်း ပရိသတ်တွေကြား ရေပန်းစားပြီးအလွန်နှစ်ခြိုက်ခဲ့ကြပါတယ်။

သူမကွယ်လွန်ခင်ကလည်း သူကိုယ်တိုင်ရွတ်ဆိုထားတဲ့ ကဗျာဂီတအယ်လ်ဘမ်ကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။

စာဖတ်ပရိသတ်ကိုရယ်မောမှုတွေနဲ့ ဘဝအမောပြေစေခဲ့တဲ့ စာရေးဆရာအကြည်တော်ကွယ်လွန်တာနဲ့ပတ်သက်ပြီး စာပအသိုင်းအဝိုင်းနဲ့ သူရဲ့ ပရိသတ်တွေက ဝမ်းနည်းကြောင်းအမှတ်တရစာတွေလည်း ဒီကနေ့ ညပိုင်းမှာလူမှုကွန်ရက်မှာရေးသားနေကြပါတယ်။