YBS ခရီးသည်တွေကို ရိုက်နှက်လုယက်ခဲ့တယ်လို့ ဆိုသူတွေ ဖမ်းမိ

မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်၊ ကားမှတ်တိုင်မှာ YBS (၆၁) ယာဥ်ပေါ်က ခရီးသည်တွေကို ရိုက်နှက်လုယက်ခဲ့သူ ၈ ဦးကို ဒီကနေ့ နိုဝင်ဘာ (၉) ရက်မနက်ပိုင်းမှာ ဖမ်းမိတယ်လို့ မရမ်းကုန်းရဲစခန်းနဲ့ နီးစပ် သူတဦးက DNA ကိုပြောပါတယ်။

“ဖမ်းမိထားတယ်၊အခုလောလောဆယ်ထပ်စစ်နေတယ်လို့သိရတယ်၊နောက်ထပ် လုယက်တဲ့ပြစ်မှုရှိမရှိ “လို့ သူကပြောပါတယ်။

ဘတ်စ်ကားပေါ်တက်ပြီးလုယက်သူ ခုနစ်ဦးနဲ့ လုယက်သူတွေစီးတဲ့ကားကို မောင်းနှင်သူတဦး စုစု ပေါင်းရှစ်ဦးကို လုယက်မှုမှာ အသုံးပြုခဲ့တဲ့ ပရိုဘောက်စ်ကားနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။

နိုဝင်ဘာ (၈)ရက်၊ ညနေနာရီလေးနာရီဝန်းကျင်က မှတ်တိုင်မှာ ခရီးသည်စောင့်နေတဲ့YBS (၆၁)ယာဥ် လိုင်းပေါ်ကို အမျိုးသား ခုနစ်ဦး တက်လာပြီး ခရီးသည်တွေဆီက ဖုန်းတွေကို ခြိမ်းခြောက်လုယက်မှုဖြစ်ခဲ့တာလို့ သမိုင်း ၁ ရပ်ကွက်၊ (၄) လမ်းမှာ နေသူတွေက DNAကို ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကနေ လက်ရှိအထိ ရန်ကုန်မှာ လုယက်တိုက်ခိုက်ခံရမှုတွေမြင့်တက်နေသလို YBS ကားတွေပေါ်က ခရီးသည်တွေကို ခြိမ်းခြောက်လုယက်၊ ခါးပိုက်နှိုက်တာတွေလည်း မကြာမကြာရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း လှိုင်မြို့နယ်၊ရွာမကျောင်းလမ်းမှတ်တိုင်မှာ YBS ခရီးသည် တင် ယာဥ်ပေါ်က ခရီးသည်တွေ လုယက်ခံရမှု ဖြစ်ခဲ့ပါသေးတယ်။