ရန်ကုန်ပက်စပို့ရုံးမှာ QR ကုဒ်အတွက် ကျပ်သိန်းချီဈေးပေါက်နေ

ရန်ကုန်မြို့မှာ နိုင်ငံကူးလက်မှတ်ထုတ်ယူဖို့ ပထမအဆင့်ဖြစ်တဲ့ QR ကုဒ် လျှောက်ထားမှုအတွက် လက်မှတ်လုပ်ပေးတဲ့ပွဲစားတွေကြားထဲမှာကျပ်သိန်းချီဈေးပေါက်နေတယ်လို့ နိုင်ငံကူးလက်မှတ်လုပ်နေသူတွေရဲ့ ပြောစကားအရသိရပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာအွန်လိုင်းစနစ်နဲ့ကြိုတင်တန်းစီနိုင်ဖို့QR ကုဒ်တွေထုတ်ပေးနေပေမယ့် အဲ့ဒီကုဒ် လျှောက်ထားဖို့အတွက်ကိုပဲ ပွဲစားတွေက နေရာဦးထားလို့ ကိုယ်တိုင်လျှောက်သူတွေအတွက် အခက်တွေ့တဲ့အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

“အခုလက်ရှိသိရသလောက်က သူတို့က လအလိုက် QR code system နဲ့ အဲ့လို ကြိုပွိုင့်ယူရတာတွေရှိတာပေါ့၊ အဲ့ဒီအခါမှာ ကြိုပွိုင့်ယူဖို့အတွက် ပွဲစားတွေနဲ့ ရုံးကလူတွေနဲ့ ပေါင်းတာပေါ့၊ ကိုယ်က နည်းနည်းမြန်မြန်ရချင်တယ်ဆိုရင် လာဘ်လေးထိုးပြီးတော့ ကိုယ့်အလှည့်ကိုယူတာပေါ့ အဲ့လိုပုံစံတွေတော့ရှိနေတယ်” လို့ နိုင်ငံကူးလက်မှတ်လုပ်ခဲ့သူတစ်ဦးက DNA ကို ပြောပါတယ်။

နိုင်ငံကူးလက်မှတ်တခုလုပ်ဖို့ ပုံမှန်ကုန်ကျငွေက ကျပ်လေးသောင်းဝန်းကျင်သာရှိပေမယ့် အခုကာလမှာတော့ ပွဲစားတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကြားထဲမှာ လေးသိန်းကျော်အထိ ဈေးပေါက်နေလို့အာဏာမသိမ်းခင်ကာလနိုင်ငံကူးလက်မှတ်လုပ်ခဲ့စဉ်ကနဲ့တော့ ဆယ်ဆလောက်ကွာနေကြောင်းကိုလည်းနိုင်ငံကူးလက်မှတ်ကိုယ်တိုင်လုပ်ခဲ့သူတွေကပြောပြကြပါတယ်။

ဒါ့အပြင်လက်ရှိအချိန်မှာလူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့်ကြေငြာနေတဲ့ နိုင်ငံကူးလက်မှတ်လုပ်ပေးမယ့်ပွဲစားတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေရှိနေပြီး နိုင်ငံကူးလက်မှတ်တစ်ခုကို လေးသိန်းဝန်းကျင်ထက်မနည်း ဈေးပေါက်နေကာ QR ကုတ်တစ်ခုတည်းအတွက်ကိုတော့ ရှစ်သောင်းထက်မနည်းအထိ ဈေးရှိတယ်လို့ နိုင်ငံကူးလက်မှတ်လုပ်နေသူတွေက ပြောပြကြပါတယ်။

နိုင်ငံကူးလက်မှတ်တစ်ခုလုပ်ဖို့အတွက် အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ ပျောက်ဆုံးမှုတွေ ပြန်လျှောက်တာစတဲ့ အမျိုးအစားတွေအတွက် အချိန်မြန်မြန်ရဖို့လိုနေသူတွေနဲ့ စောင့်နိုင်သူတွေအတွက်ဆိုပြီး ဈေးတွေ အစားစားသတ်မှတ်ထားတဲ့အပြင် ရုံးမှာ ဓာတ်ပုံရိုက်တာ၊ ဖောင်ဖြည့်တာတွေအတွက် နေ့အလိုက် ငွေသွင်းရတဲ့ပမာဏကလည်း မတူဘူးလို့ သိရပါတယ်။

“ပွဲစားနဲ့လုပ်တာနဲ့ရိုးရိုးလုပ်တာနဲ့ တကယ်တော့ဘာမှမကွာဘူး၊ဖောင်ဖြည့်ပေးတယ်၊ ပိုက်ဆံသွင်းတဲ့နေရာမှာသူတို့သွင်းပေးတယ်၊ ပြီးရင် ဓာတ်ပုံရိုက်တဲ့နေရာမှာ ပွဲစားတွေက လိုက်လုပ်ပေးတယ်ပေါ့နော် မြန်အောင်ပေါ့၊ ကျန်တာတွေအားလုံးကတော့ ကိုယ့်ဟာကိုယ်လုပ်ရတာပဲ” လို့ အောက်တိုဘာလက နိုင်ငံကူးလက်မှတ်ကိုယ်တိုင်လုပ်ခဲ့သူတစ်ဦးက ဆိုပါတယ်။

အခုလို နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးက အွန်လိုင်းတန်းစီတဲ့စနစ်နဲ့ ပြင်ဆင်ပြီးထုတ်ပေးနေပေမယ့် ရုံးရှေ့မှာတော့ လူတွေတန်းစီနေရတာက လျော့မသွားတာကိုပတ်စပို့ရုံးရှေ့မှာနေ့စဥ်ရှိနေတဲ့ လူတန်းရှည်တွေကိုမြင်တွေ့နေရတဲ့အခြေအနေအရသိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံမှာအလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတာကြောင့်နိုင်ငံခြားထွက်အလုပ်လုပ်ချင်သူတွေများလာပြီးနိုင်ငံကူးလက်မှတ်ကိုအမြန်လိုချင်တဲ့သူတွေများလာတယ်ပါတယ်။ဒီအခြေအနေတွေကြောင့်ပဲ စျေးကွက်ထဲမှာနိုင်ငံကူးလက်မှတ်တစ်ခုရဖို့စျေးတွေ အဆမတန်မြင့်တက်သွားရတာဖြစ်တယ်လို့နိုင်ငံကူးလက်မှတ်ထုတ်လိုသူတွေကပြောပါတယ်။