ကရင်ပြည်နယ်၊ မြဝတီ ကော့ကရိတ် တော်နော်ရေတံခွန်အနီး အာရှလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်ပိုင်းက တက္ကစီတစီး အရှိန်လွန်တိမ်းမှောက်လို့ လူရှစ်ဦးသေဆုံးသွာတယ်လို့ ကော့ကရိတ်မြို့ ပုလဲဖြူ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“အရှိန်တော်တော်များတယ်လို့ သိရတယ်ဗျာ၊ လမ်းဘေးမှာ ကာထားတဲ့ ကွန်ကရစ်ပြားကို တိုက်တာအဲ့မှာ မမှောက်ဘဲ ကျော်သွားတာ TAWNAW WATERFALL ဆိုင်းဘုတ်ကို တိုက်ပြီး ပက်လက်အနေအထားနဲ့ တော်နော်ရေတံခွန်ဆိုင်းဘုတ် ကွန်ကရစ်အုတ်ခုံကို ထပ်ပြီးဝင်တိုက်လိုက်တာ” လို့ သူကပြောပါတယ်။
အဲ့ဒီလိုတိမ်းမှောက်သွားတာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ရှစ်ဦးထဲက ခုနစ်ဦးဟာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျန်တဦးကလည်း ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ဆောင်နေချိန် လမ်းမှာပဲ သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့တဲ့ ပုလဲဖြူလူမှုကူညီရေး အသင်း တာဝန်ရှိသူကပြောပါတယ်။
ကားမှောက်မှုဖြစ်တဲ့နေရာကနေ ကနဦးမှာ ရုပ်အလောင်းခြောက်လောင်းနဲ့ ဒဏ်ရာပြင်းထန်သူတဦးကိုသာ တွေ့ခဲ့တာဖြစ်ပြီး ပက်လက်အနေအထား တိမ်းမှောက်နေတဲ့ တက္ကစီကို ဖယ်ရှားရှင်းလင်းချိန်မှာ ကားအောက်ပိနေတဲ့ ရုပ်အလောင်းတလောင်းကို ထပ်တွေ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မတော်တဆမှုဖြစ်ခဲ့တဲ့ တက္ကစီဟာ မြဝတီမြို့ကနေ ပဲခူးမြို့ကို ထွက်ခွာလာတာဖြစ်ပြီး ကားမှောက် မှုကြောင့် အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာပါ။