ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ကစားသမား စာရင်းကို ဘရာဇီး လက်ရွေးစင် အသင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ပြိုင်ပွဲဝင် အသင်းအားလုံးထဲမှာ ၂၆ ဦး အတည်ပြု လူစာရင်းကို အစောဆုံး ထုတ်ပြန်မှုလည်း ဖြစ်လာပါတယ်။
အခုနှစ် ကမ္ဘာ့ဖလားဟာ အရင်လိုမျိုး ကလပ်အသင်း ဘောလုံးရာသီ ပြီးဆုံးချိန် နွေရာသီမှာ ပြုလုပ်တာ မဟုတ်ပါဘူး။ အိမ်ရှင် ကာတာနိုင်ငံရဲ့ အပူချိန်ကြောင့် ကလပ်အသင်း ဘောလုံးရာသီအလယ် ဆောင်းတွင်းမှာ အချိန်ရွှေ့ပြီး ကျင်းပရပါတယ်။ ဒါကြောင့်လည်း လက်ရွေးစင် အသင်းတွေဟာ ကစားသမား စာရင်းကို ၂၃ ဦးအစား ၂၆ ဦးထိ တိုးမြှင့် ရွေးချယ်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ခွင့်ပြုထားပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအများစုဟာ ပဏာမ လူစာရင်းတွေ အသီးသီး ရွေးချယ်ကြေညာထားကြပေမယ့် ဘရာဇီးကတော့ နောက်ဆုံး ၂၆ ဦး အတည်ပြု လူစာရင်းကို ပထမဆုံး ထုတ်ပြန်တဲ့အသင်း ဖြစ်လာပါတယ်။ နိုဝင်ဘာ ၇ ရက်မှာ နည်းပြ တစ်တီဟာ တောင့်တင်းတဲ့ အသင်းလူစာရင်းကို အတည်ပြု ကြေညာခဲ့ပါတယ်။
ထူးခြားမှုတွေ အနေနဲ့ ဘရာဇီး တိုက်စစ်မှူး ရောဘတ်တို ဖာမီနို ချန်လှပ်ခံခဲ့ရပြီး အသက် ၃၉ နှစ် ရှိပြီဖြစ်တဲ့ ဝါရင့် နောက်ခံလူ အဲလ်ဗက်စ်ကို တစ်တီက ပြန်လည် ခေါ်ယူလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးရဲ့ ဝါရင့် ခံစစ်မှူးကြီး သီယာဂိုဆေးလ်ဗား၊ ဒီရာသီမှာ အာဆင်နယ်နဲ့အတူ တောက်လျှောက် ခြေစွမ်းပြနေတဲ့ လူငယ် တောင်ပံတိုက်စစ်သမား ဂေဘရီရယ်လ် မာတီနယ်လီတို့လည်း တစ်တီရဲ့ လူစာရင်းမှာ ပါဝင်လာပါတယ်။
ဘရာဇီး အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အစဉ်အလာနဲ့ အောင်မြင်မှု အကြီးမားဆုံး အသင်းဖြစ်ပြီး ကျင်းပသမျှ အကြိမ်တိုင်းမှာ ပါဝင်ယှဉ်ပြိုင်ဖူးသလို ဆုဖလားကို ၅ ကြိမ်ထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီး အသင်းရဲ့ ၂၆ ဦး လူစာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဂိုးသမား – အလီဆန် ဘက္ကာ၊ အီဒါဆန် မိုရေးစ်၊ ဝီဗာတန် ဆေးလ်ဗား
နောက်တန်း – ဒန်နီလို ဆေးလ်ဗား၊ သီယာဂို ဆေးလ်ဗား၊ မာကွင်ဟော့စ်၊ အဲလက်စ် ဆန်ဒရို၊ ဒန်နီ အဲလ်ဗက်စ်၊ အီဒါ မီလီတာအို၊ အဲလက်စ် တဲလက်စ်၊ ဂီလ်ဆန် ဘရီမာ
ကွင်းလယ် – ကားလို့စ် ကက်စ်မဲရိုး၊ လူးကက်စ် ပါကွက်တာ၊ ဖရန်ဒ် ဆန်းတို့စ်၊ ဖေဘင်ညို၊ ဘရူနို ဂွီမာရက်စ်၊ အဲဗာတန် ရီဘိုင်ရို
တိုက်စစ် – ရစ်ချာလီဆန် အန်ဒရာဒီ၊ နေမာ ဆန်းတို့စ် ဂျူနီယာ၊ ရာဖင်ညာ၊ အန်တိုနီ ဆန်းတို့စ်၊ ဂေဘရီရယ်လ် ဂျေးဇူးစ်၊ ဗင်နီရှပ်စ် ဂျူနီယာ၊ ရိုဒရီဂိုဂိုးစ်၊ ဂေဘရီရယ်လ် မာတီနယ်လီ၊ ပီဒရို ဒေါ့စ်ဆန်းတို့စ်