တော့တင်ဟမ်-လီဗာပူးလ်နဲ့ လန်ဒန်ဒါဘီ ပွဲကောင်းတွေ ယှဉ်ပြိုင်ကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်များ 

အခုသီတင်းပတ်ကုန် ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီ၊ တော့တင်ဟမ် ဟော့စပါးနဲ့ လီဗာပူးလ်တို့ရဲ့ အားပြိုင်မှုတွေက ပရိသတ် အကြိုက် ပွဲကောင်းတွေ ဖြစ်လာပါလိမ့်မယ်။ 

မန်ချက်စတာစီးတီး – ဖူလ်ဟမ်

လက်ရှိရာသီမှာ ဖူလ်ဟမ်ရဲ့ အနေအထားက မဆိုးလှဘူးလို့ ဆိုနိုင်ပါတယ်။ အမှတ်ပေး ဇယား အဆင့် ၇ ထိ တက်လှမ်းပြီး ရပ်တည်နေတယ် ဆိုတာက ဖူလ်ဟမ်အတွက် ကျေနပ်လောက်တဲ့ စွမ်းဆောင်မှုမျိုးပါပဲ။ ဒါပေမဲ့ လက်ရှိချန်ပီယံ စီးတီးရဲ့ အိမ်ကွင်း အစ်တီဟတ်ကို သွားကစားရတဲ့ ပွဲစဉ်မှာ တစ်ခုခု မျှော်လင့်နေတယ် ဆိုရင်တော့ ဖူလ်ဟမ်အတွက် အတင့်ရဲလွန်းရာ ရောက်နေပါလိမ့်မယ်။ ခြေစွမ်း ကွာဟချက် ကြီးမားလွန်းတဲ့အပြင် အာဆင်နယ် ပွဲကျပ်ကြုံနေချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်ယူဖို့အတွက် စီးတီးက ဒီပွဲကို ဖိဖိစီးစီး ကစားပါလိမ့်မယ်။ ဖူလ်ဟမ်အနေနဲ့ အမြင့်ဆုံး စွမ်းဆောင်နိုင်မှာက အခုပွဲကို ဂိုးပြတ် မရှုံးဖို့ပါပဲ။ စီးတီးအတွက် ၃ မှတ်က သပိတ်ဝင်အိတ်ဝင် ဖြစ်လာပါလိမ့်မယ်။ 

ချဲလ်ဆီး – အာဆင်နယ်

ပြီးခဲ့တဲ့ အပတ်မှာ အသင်းဟောင်း ဘရိုက်တန်ကို ဂိုးပြတ် အရေးနိမ့်ပြီး ပေါ့တာတစ်ယောက် ချဲလ်ဆီး မန်နေဂျာဘဝ ပထမဆုံး ရှုံးပွဲကို ခါးခါးသီးသီး ကြုံတွေ့ခဲ့ရပါတယ်။ အခုတော့ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ကို ဟန့်တားပြီး အဲဒီရှုံးပွဲကနေ ပြန်နိုးထဖို့ ပေါ့တားအနေနဲ့ ကြိုးစားရပါတော့မယ်။ ခြေစွမ်းအရ အာဆင်နယ်က သာလွန်ပေမယ့် ချဲလ်ဆီးမှာ အိမ်ကွင်း အားသာချက် ရှိနေပါတယ်။ အာဆင်နယ်ရဲ့ အစွန့်ပစ်ခံ ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်မှူး အူဘာမီယန်းကလည်း သူဘာတွေ စွမ်းဆောင်နိုင်သလဲ ဆိုတာကို အသင်းဟောင်းက မျက်ဝါးထင်ထင် လက်တွေ့ပြဖို့ ဆာလောင်နေပါလိမ့်မယ်။ ဒီရာသီမှာ အာဆင်နယ်ကို အထူးပြု ချီးကျူးရမယ့် ကိစ္စတစ်ခုကတော့ အဝေးကွင်းတွေမှာပါ စွမ်းဆောင်ရည် ယိုင်မသွားအောင် ထိန်းထားနိုင်ခြင်းပါပဲ။ ဒီပွဲက နှစ်သင်းစလုံးအတွက် ခက်ပါလိမ့်မယ်။ သရေကျသင့်တယ်လို့ ခံစားမိပြီး နိုင်မယ်ဆိုရင်တော့ အာဆင်နယ်ဖက်က နည်းနည်း အလေးသာနိုင်ပါတယ်။ 

အက်စ်တန်ဗီလာ – မန်ချက်စတာ ယူနိုက်တက်

ဗီလာက တန်းဆင်းဇုန်နားထိ ကျဆင်းနေပြီး ယူနိုက်တက်ကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ စွမ်းဆောင်ရည်ပိုင်း ပိုတည်ငြိမ်လာနေပါတယ်။ ဗီလာဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ် ယူနိုက်တက်ကို ၄ ဂိုးပြတ် မရှုမလှ ရှုံးနိမ့်ထားပါတယ်။ ဒီရာသီမှာ ဗီလာရဲ့ ခံစစ်စွမ်းဆောင်ရည်က တော်တော်ကြီး ဆိုးရွားနေသလို တိုက်စစ်ကလည်း ပျမ်းမျှ ၁ ပွဲကို ၁ ဂိုးနှုန်းတောင် မသွင်းနိုင်ပါဘူး။ ခြေစွမ်းနဲ့ သမ္ဘာအရ ယူနိုက်တက်က သာသလို ရှိပေမယ့် သတိထားရမယ့် အချက်က မန်နေဂျာ တန်ဟက်ဂ်ရဲ့ အသင်းဟာ ဆိုးဆိုးရွားရွားကို ပွဲပန်းနေပြီ ဆိုတာပါပဲ။ အခုလည်း စပိန်မှာ ရီးရဲလ်ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပွဲစဉ် သွားကစားပြီး ၄၈ နာရီအတွင်းမှာ ဗီလာနဲ့ ထပ်တွေ့ပြန်တာ ဖြစ်ပါတယ်။ နောက်ပြီး အဓိက ကွင်းလယ် ဖန်တီးရှင် ဖာနန်ဒက်ဇ်ကလည်း ပွဲပယ်ခံရပြီး ဒီပွဲကို လွဲချော်ဦးမှာပါ။ ဒီနှစ်သင်းဟာ ရာသီကြို ခြေစမ်းပွဲမှာ တွေ့ဆုံဖူးပြီး သရေကျခဲ့သလို ယူနိုက်တက် အနေနဲ့ အတော်ကြီး ရုန်းကန်ခဲ့ရဖူးတာ အမှတ်ရစရာပါ။ အမှတ်ပေးဇယား ရပ်တည်မှုချင်း ကွာဟပေမယ့် အခုပွဲမှာ တစ်ဖက်သတ် အနေအထားမျိုး မြင်ရမှာ မဟုတ်ပါဘူး။ အမှတ်လိုနေတဲ့ ယူနိုက်တက် အနိုင်ကစားဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် အရမ်းခက်ခဲမယ်ဆိုတာ သေချာပါတယ်။ 

တော့တင်ဟမ်ဟော့စပါး – လီဗာပူးလ်

ပြီးခဲ့တဲ့ နောက်ဆုံးပွဲစဉ် နှစ်ခုဆက်တိုက် အရေးကြီး ပွဲစဉ်တွေမှာ တော့တင်ဟမ်ဟာ ရှုံးနိမ့်နေတဲ့ အနေအထားကနေ အနိုင်ရအောင် ကစားပြခဲ့ပါတယ်။ ဒါဟာ ကျဉ်းထဲကျပ်ထဲ အခြေအနေ​ ရောက်လာရင် ကစားသမားတွေက စိတ်ဓာတ် ပြင်းပြင်းပြပြနဲ့ တုံ့ပြန်နိုင်တယ်ဆိုတဲ့ သက်သေပါပဲ။ လီဗာပူးလ်ကတော့ ဒီရာသီမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ချန်ပီယံ မျှော်လင့်ချက်ကို စောစောစီးစီး လက်လွှတ်ထားရပါပြီ။ ဒါပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့် သေချာစေဖို့အတွက် လီဗာပူးလ် အနေနဲ့ အမှတ်တွေ အရေးတကြီး ပြန်စုဆောင်းဖို့ လိုနေပါပြီ။ လီဗာပူးလ်မှာ ဒဏ်ရာပြဿနာတွေ၊ အသင်းက အားသန်တဲ့ တောင်ပံတိုက်စစ် ကစားပုံ ကျဆင်းမှုတွေ ကြုံနေရတဲ့တိုင် ဘယ်တော့မှ လျှော့မတွက်သင့်တဲ့ အစုအဖွဲ့မျိုး ရှိနေပါတယ်။ မနှစ်က ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို ပူးတွဲ ရရှိခဲ့တဲ့ ဆာလားနဲ့ ဆွန်တို့ ထိပ်တိုက် ဆုံကြမှာဖြစ်ပြီး ဘယ်သူက ကိုယ့်အသင်းကို ဆွဲတင်ပေးနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရပါမယ်။ ဘယ်လိုရလဒ်မျိုးမဆို ထွက်ပေါ်လာနိုင်တဲ့ ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ 

အခြားပွဲစဉ် ရလဒ်များ

နော်တင်ဟမ်ဖောရက်စ် – ဘရန့်ဖို့ဒ်

ဝုလ်ဗ် – ဘရိုက်တန်

လိဒ်စ်ယူနိုက်တက် – ဘွန်းမောက်သ်

အဲဗာတန် – လက်စတာစီးတီး

ဆောက်သမ်တန် – နယူးကာဆယ် ယူနိုက်တက်

ဝက်စ်ဟမ်းယူနိုက်တက် – ခရစ္စတယ်လ်ပဲလေ့စ်