အီရန်က ပဲ့ထိန်းဒုံးကျည်တွေ ရုရှားဆီ တင်ပို့မယ့်ကိစ္စ ယူကရိန်းလေတပ် စိုးရိမ်နေ 

အီရန်က ရုရှားဆီကို ပဲ့ထိန်းဒုံးကျည်တွေ တင်ပို့ဖို့ စီစဉ်နေပြီး အဲဒီဒုံးကျည်တွေကို တားဆီးဖို့ သူတို့မှာ ထိရောက်တဲ့ ကာကွယ်ရေး စနစ်တွေ မရှိသေးကြောင်း ယူကရိန်း လေတပ်က ဝန်ခံလိုက်ပါတယ်။ 

အီရန်က ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ စစ်လက်နက်တွေ ထောက်ပံ့နေကြောင်း ယူကရိန်းနဲ့ အမေရိကန်ရဲ့ စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းမှာ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေကို ရုရှားတပ်တွေက ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတာကို အထင်အရှား တွေ့နေရပါတယ်။ 

အခုအခါမှာတော့ အီရန်ဟာ ဒရုန်းတွေအပြင် ရုရှားအတွက် ပဲ့ထိန်းဒုံးကျည်တွေပါ တင်ပို့ရောင်းချဖို့ ပြင်ဆင်နေကြောင်း ယူကရိန်းက ဆိုပါတယ်။ အီရန်က ပေးပို့မယ့် ပဲ့ထိန်းဒုံး အမျိုးအစား နှစ်ခုဟာ ယူကရိန်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ လေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ယူရီ အီနက်က ဆိုပါတယ်။ 

အီရန်ဆီကနေ ရုရှားတွေ လက်ခံရရှိမယ့် ပဲ့ထိန်းဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ နဲ့ ၇၀၀ စီ ခရီးပေါက်အောင် ပျံသန်းနိုင်တဲ့ မျိုးကွဲတွေဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ရုရှားဟာ ဒီဒုံးကျည်တွေကို အသုံးပြုပြီး ယူကရိန်း ပိုင်နက်ထဲက ဘယ်လို နေရာကိုမဆို တိုက်ခိုက်နိုင်စွမ်း ရှိလာနိုင်ကြောင်း အီနက်က ပြောပါတယ်။ 

စစ်ထောက်လှမ်းရေး သတင်းတွေအရ ရုရှားဟာ အဲဒီဒုံးကျည်တွေကို ယူကရိန်းမြောက်ပိုင်း နယ်စပ်နားမှာ နေရာချထားပြီး တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနိုင်တယ်လို့ သိရှိထားကြောင်းလည်း သူက မှတ်ချက် ပေးပါတယ်။ ယူကရိန်း မြောက်ပိုင်းမှာ ရုရှားရဲ့ ဩဇာခံ အစိုးရ အာဏာရနေတယ်လို့ ပြောရမယ့် ဘီလားရုစ်နိုင်ငံ ရှိနေပါတယ်။ 

အီရန်ဟာ မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေ အပါအဝင် နောက်ထပ် စစ်လက်နက် အမျိုးအစားပေါင်း ၁၀၀၀ လောက်ကို ရုရှားဆီ ပေးပို့ဖို့ ပြင်ဆင်နေကြောင်း အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ယူကရိန်းဟာ လတ်တလောမှာ ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို အသည်းအသန် ခုခံနေရပြီး တကယ်လို့ အီရန်ဆီက ဒုံးကျည်တွေပါ ထပ်ရောက်လာရင် သူတို့ရဲ့ လေကြောင်းကာကွယ်ရေး စနစ်က မတန်တဆ ဝန်ပိသွားတော့မယ်လို့ အီနက်က ဝန်ခံခဲ့ပါတယ်။ 

ဒီဒုံးကျည်တွေကို ပစ်ချဖို့က သီအိုရီအရ ဖြစ်နိုင်ပေမယ့် လက်ရှိ ပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် သိပ်ကို ခက်ခဲမယ်လို့လည်း သူက ဆိုပါတယ်။ ယူကရိန်း လေတပ်ဟာ လေကြောင်း ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နိုင်ပေမယ့်လည်း ဒုံးကျည် ကာကွယ်ရေး ကိစ္စမှာတော့ ပြင်ဆင်မှု အကောင်းဆုံး ရှိမနေဘူးလို့လည်း အီနက်က ဆက်ပြောပါတယ်။ 

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေကို လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုမို တိုးမြှင့် ပေးပို့ကြဖို့ ပန်ကြားထားပါတယ်။ အခု သီတင်းပတ် အစောပိုင်းမှာလည်း ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်းက မြို့တချို့ကို ရုရှားက ဒုံးကျည် ၅၅ စင်းလောက်နဲ့ ပစ်ခတ်ခဲ့ရာမှာ ၄၅ စင်းလောက်ကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ထားပါတယ်။